လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါပေမယ့် လျှော့တဲ့ နှစ်တွေ ရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
Sabal Thwin

အဆိုတော် အစ္စဏီတစ်ယောက် အကျဉ်းထောင်ထဲမှာ လ အနည်းငယ်သာ နေရတော့မှာဖြစ်ကြောင်း သူ့ရဲ့ မိခင်ဖြစ်သူကDuwun ပရိသတ်တွေအတွက် အခုလို ပြောပြလာပါတယ်။ 

Photo: Ma Nge



ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ကျခံနေရတဲ့ အဆိုတော် အစ္စဏီကတော့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တုန်းက လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါခဲ့ပြန်ပါဘူး။ ဒါပေမယ့်လည်း လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နှစ်လျှော့လိုက်တဲ့ အကျဉ်းသားတွေထဲမှာ အဆိုတော် အစ္စဏီလည်း ပါဝင်တယ်လို့ သူ့ရဲ့ မိခင်ဖြစ်သူက Duwun ကို ပြောခဲ့ပါတယ်။ 

" ဒီတစ်ခေါက်လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း သားလေး မပါပြန်ဘူး။ ဒါပေမယ့် သူ ချုပ်ရက်တွေတော့ တော်တော်လေးကို လျော့သွားပါတယ်။ တကယ်တော့ သူ့ ချုပ်ရက်က ၈ လပဲ ကျန်တော့တာဆိုတော့ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ သားလေး ပါနိုင်တယ် ထင်တာ အန်တီညနေ ၄ နာရီခွဲလောက်အထိ သွားစောင့်ခဲ့တာပါ။ ဒါပေမယ့် သားလေးမပါလာတော့ စိတ်မကောင်းတော့ ဖြစ်ရတာပါပဲ။ ဘာကြောင့် မပါရသလဲလို့ ဝန်ထမ်းလေးတွေကို မေးမြန်းလိုက်တော့ သူက ချုပ်ရက်တော့ ထပ်လျော့သွားတယ် ၁ လ၊ ၂ လ လောက်ပဲ ကျန်တော့တယ်။ လျှော့ရက်ကို သူက အခု (၂) ကြိမ် ရသွားတာပေါ့နော်" လို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့တာပါ။ 

အဆိုတော် အစ္စဏီအနေနဲ့ (၂) နှစ်ကျော်အကြာ ချုပ်ရက်နဲ့ တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှာ ချုပ်ရက်ခံစားခွင့်နဲ့အတူ တာမွေတရားရုံးက အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ နှစ် လျှော့ရက်တွေ ရှိခဲ့တာကြောင့် သားပြန်လာမယ့်နေ့ကို အလွမ်းတွေနဲ့ စောင့်နေပြီလို့လည်း အစ္စဏီရဲ့ မိခင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

" သူက (၇) နှစ်ကျတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ (၃) နှစ်ခွဲလောက်ပဲ နေရတော့မှာ။ သမ္မတဦးဝင်းမြင့်လက်ထက်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့ ချုပ်ရက်က (၂) နှစ်နဲ့ (၈)လ လောက်ပဲ ကျန်တော့တာ။ အခုကျတော့ နှစ်ကြီးသမားတွေကို ဘယ်နှနှစ်လျှော့တယ်၊ ဘယ်နှပုံ ပုံရင် ဘယ်လောက်လျှော့တယ် ဆိုတော့ ဒီနှစ်မှာ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တုန်းက ရက်လျှော့လိုက်တာ (၈) လပဲ ကျန်တော့တယ်။ ဒီတစ်ခေါက် မလွတ်သေးပေမယ့် သူ့ လျှော့ရက်အရ အန်တီတို့တွက်ကြည့်လိုက်တာ (၂) လလောက်ပဲလိုတော့တယ်လို့ အန်တီထင်ပါတယ်။ သူက ပြန်သာမလွတ်ပေမယ့် လျှော့တဲ့ နှစ်တွေ ရှိတော့ နည်းနည်းတော့ အဆင်ပြေတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်သားလေးမျက်နှာကို မြင်ချင်နေပါပြီ။ ရောဂါကြောင့် သားလေးကိုမတွေ့ရတာက တစ်မျိုး၊ အခုလို အခြေအနေမှာလည်း မတွေ့ရပြန်တော့ အန်တီလည်း သားလေးကို အရမ်းလွမ်းနေပြီ၊ ဒါကိုတွေးလိုက်တိုင်း အရမ်းခံစားရပါတယ်" လို့လည်း သူကဆိုပါတယ်။ 

Photo: Ma Nge

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ အဆိုတော် အစ္စဏီဟာ ၂၀၁၈ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့က စတင်တရားစွဲဆိုခံလိုက်ရတာဖြစ်ပါတယ်။ အချုပ်ကျခံနေရင်းနဲ့ အချိန် (၂) နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ။ တရားလိုဖြစ်သူ စူးရှထက်ဘက်က ၂၀၁၉ ခုနှစ် သြဂုတ်လ (၅) ရက်နေ့က အမှုကြေအေးဖို့ လက်မှတ်ထိုးခဲ့ပေမယ့်လည်း ပုဒ်မ ၃၇၆/၃၂၄၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ ကာယကံရှင်က ကြေအေးသော်လည်း တရားရုံးက ခွင့်မပြုတာကြောင့် အဆိုတော် အစ္စဏီဟာ အလုပ်နဲ့ ထောင်ဒဏ်(၇) နှစ်ကျခံလိုက်ရတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က