ဒီလုပ်ရပ်မျိုးကို ဦးညီက အသိအမှတ်မပြုဘူးလို ပြောပါတယ်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ညက ဖမ်းဆီးခံလိုက်ရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ လူမင်း နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် က သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Civil Disobedience Movement လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူမင်းအပါအဝင် အနုပညာရှင်(၆)ဦးတို့ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တပ်မတော််သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ကြေညာခဲ့ပြီးတဲ့နောက် ဖေဖော််ဝါရီလ ၂၀ ရက်နေ့ ညမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဖြစ်တဲ့ လူမင်းဟာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ ဒီလုပ်ရပ်အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က သူ့ရဲ့သဘောထားကို Duwun ကို အခုလိုပြောပြပါတယ်။



“ အခုဆိုရင် ပြည်သူနဲ့ထပ်တူ ဝန်းရံနေကြတဲ့ အနုပညာရှင်တွေထဲမှာ ကိုလူမင်းကို အရင်ဆုံး ဖမ်းသွားတယ်။ ဒါပေမယ့်လည်း အကုန်လုံးက ခံပြင်းနေကြပါတယ်။ အနုပညာရှင်တွေကို ဖမ်းပြလိုက်လို့ Gen Z က လျော့သွားမှာ မဟုတ်ဘူး။ သူတို့ ထင်နေတာကလည်း အရင်ခေတ်တွေလို ထင်နေကြတာ။ အခုက တစ်ယောက်အတွက် အယောက်(၁၀၀) ထပ်ထွက်မှာပေါ့။ အနုပညာရှင်တွေလည်း ဒီသဘောပါပဲ။ နဂိုတုန်းက မပါတဲ့သူတွေတောင်မှ ဖမ်းတယ်၊ ဆီးတယ် ဆိုရင်တော့ ထွက်ကြတယ်ထင်တယ်။ ဦးညီကတော့ ဒါကို (ဖမ်းဆီးတာကို) ကန့်ကွက်တယ်၊ ရှုံ့ချတယ်” လို့ သူကဆိုပါတယ်။

အစည်းအရုံးထုတ်ပြန်ချက်က ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရမှာမို့ လတ်တလော ထုတ်ပြန်ချက်မထုတ်နိုင်သေးပေမဲ့ မိမိတစ်ဦးတစ်ယောက်သဘောထားအနေနဲ့ ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌက ပြောကြားလိုက်ပါတယ်။

သရုပ်ဆောင်လူမင်းဟာ မနေ့ည ၉ နာရီအချိန်ခန့်က Ayarwdy Lumin ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ကာ ဆန္ဒပြသူများအနေနဲ့ အကြမ်းဖက်တဲ့နည်းလမ်းကို မသုံးကြဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့နည်းကိုသာ ဆက်လက်ကျင့်သုံးဖို့ အကြံပြုပြောကြားခဲ့ပြီးတဲ့နောက် ညသန်းခေါင်ယံအချိန်မှာ လာရောက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် လူမင်း ဖမ်းဆီးခံရကြောင်းကို ဇနီးဖြစ်သူ ဒေါ်ခင်စံပယ်ဦးက ည ၁၂ နာရီကျော််မှာ Ayarwdy Lumin ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ကာ အသိပေးခဲ့တာပါ။

"ကိုလူမင်းကို ရဲကားတွေအများကြီးပဲ..ဖမ်းပြီး ခေါ်သွားပါပြီ။ တံခါးကို အတင်းရိုက်ဖျက်ဖွင့်ပြီးတော့ ခေါ်သွားပါပြီ။ ဘယ်ကိုခေါ်သွားမယ်မှန်းလည်း မပြောဘူး။ အတင်းအကြပ်ကိုခေါ်သွားပါတယ်။ ကျွန်မတားတာလည်း တားလို့မရပါဘူး" လို့ ဒေါ််ခင်စံပယ်ဦးက ငိုလျက် အဆိုပါ Live ထဲမှာ ပြောထားပါတယ်။

သရုပ်ဆောင်လူမင်းနဲ့အတူ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့လည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်လျက်ရှိပါတယ်။ 

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ (၃) နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေကြတဲ့ အနုပညာရှင်တွေထဲမှာ တက်တက်ကြွကြွ ရှေ့ဆုံးကနေဦးဆောင်ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။





က္က