အောင်မြင်မှုကတော့ အံ့မခန်းလောက်အောင်ပါပဲ။

မြန်မာရုပ်ရှင်လောကက ဟိုးယခင်ကတည်းက မင်းသားတွေ အဓိကနေရာပေးခံရတဲ့ နယ်ပယ်ဖြစ်ပါတယ်။ ဒီအစဥ်အလာကို ချိုးဖောက်ပြီး မင်းသမီးသာလျှင်အဓိက၊ ဒီမင်းသမီးပါရင် ဘယ်ကားမဆို ပရိသတ်လက်ခံတဲ့အထိ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သူက မြန်မာ့ရုပ်ရှင်လောကမှာ နှစ်ဦးသာ ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးက ဘယ်သူတွေလဲ ဘယ်လောက်ထိ ကျော်ကြားခဲ့သလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 



Photo: Shwe Kyi Facebook 

လေးထပ်ကွမ်း အကယ်ဒမီဆုရှင် ကြည်ကြည်ဌေး

သရုပ်ဆောင် ကြည်ကြည်ဌေးဟာ အနုပညာလောကထဲကို ၁၉၄၉ ခုနှစ်တုန်းက ပြဇာတ်မင်းသမီး တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ ပြဇာတ်မင်းသမီး တစ်ယောက်အနေနဲ့ နာမည်တွေလည်း အများကြီးရှိခဲ့ပါသေးတယ်။ မသိန်းကျင်၊ အောက်ချင်းမ၊ ခင်မေကျင်၊ မြင့်မြင့်ဌေး စတဲ့ နာမည်များစွာနဲ့ ပြဇာတ်မင်းသမီးဘဝကို ကျင်လည်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ကာဌေးရုံ ပြဇာတ်မင်းသမီးရွေးချယ်ပွဲမှာ အခမ်းအနားမှူးက မြင့်မြင့်ဌေးကို ကြည်ကြည်ဌေးလို့ အမည်မှားခေါ်ခဲ့ရာကနေ ပြဇာတ်ခေါင်းဆောင်မင်းသမီး၊ သရုပ်ဆောင် ကြည်ကြည်ဌေး ဖြစ်လာခဲ့ပါတယ်။

ပြဇာတ်မင်းသမီးအနေနဲ့ အောင်မြင်မှုတွေ အများကြီးရပြီးနောက် သရုပ်ဆောင် လောကထဲကို ၁၉၅၂ ခုနှစ်မှာ အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်မြှောက်ပေးလိုက်တဲ့ သရုပ်ဆောင် မင်းသမီးအဖြစ် ကြည်ကြည်ဌေးက “ ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပါတယ်။ ပထမဆုံး ရုပ်ရှင်ဇာတ်ကားနဲ့တင် အမျိုးသမီးပညာသည်ဆု (အကယ်ဒမီ) ရကာ တဟုန်ထိုး ကျော်ကြားခဲ့ပါတယ်။ 

ကြည်ကြည်ဌေးဟာ ရတနာပုံ၊  ပန်းပန်လျှက်ပါ၊ စကားပြောသောအသဲနှလုံး၊ ချစ်ပင်ချစ်မိုး၊ ဗိမ္မိသာရ စတဲ့ ရုပ်ရှင်များအပါအဝင် ရုပ်ရှင်ကားပေါင်း ၃၀၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ 

အကယ်ဒမီ ၄ ဆုရှင် ကြည်ကြည်ဌေးက ချစ်သက်ဝေနဲ့ ချစ်ခွင့်မပိုင် ရုပ်ရှင်ကားများနဲ့ အမျိုးသမီးပညာသည်ဆုများ ရရှိခဲ့ကာ နုနုငယ်ငယ်၊ လူဇော် ရုပ်ရှင်ကားများနဲ့ ဇာတ်ပို့ဆုများ ရရှိခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် ဝန်းကျင်က စလို့ ၁၉၈၆ ဝန်းကျင်အထိ အောင်မြင်လာခဲ့တဲ့ ကြည်ကြည်ဌေးက မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံးဝယ်စီးနိုင်သူလည်း ဖြစ်ပါတယ်။ 

“အနုပညာလောကမှာ ဘယ်ရုပ်ရှင်မဆို ကြည်ကြည်ဌေး မပါရင် မအောင်မြင်သလို၊ ပရိသတ်တွေကလည်း ကြည်ကြည်ဌေးမှ ကြည်ကြည်ဌေး ဖြစ်ခဲ့ကြတဲ့ အချိန်တွေပါပဲ။ “အဲဒီအချိန်တုန်းက သူပဲ အအောင်မြင်ဆုံးလေ၊ မင်းသားတွေကိုလည်း သူက ရွေးချယ်ခွင့်ရှိတယ်ဆိုပေမယ့် သူ မရိုက်တဲ့ မင်းသားဆိုတာ မရှိလောက်အောင်ရှားတယ်။ သဘောကလည်း ကောင်းတယ်၊ စိတ်ထားကလည်း ဖြူတော့ မင်းသားအကုန်လုံး လိုလိုနဲ့ သူတွဲရိုက်ခဲ့ပါတယ်” ဆိုပြီးတော့ အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်၊ ဒါရိုက်တာ ဦးသိန်းထွဋ်က မင်းသမီးကြီး ကြည်ကြည်ဌေးအကြောင်းကို Duwun အား ပြောပြခဲ့ပါတယ်။

နိုင်ငံတော်က ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိထားတဲ့ ကြည်ကြည်ဌေးက မြန်မာ့ရုပ်မြင်သံကြားဌာနရဲ့ အကြံပေး ပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့ပြီး အသက်(၇၆) နှစ်အရွယ် ၂၀၀၀ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။  

Photo: Moht Moht Myint Aung 

အကယ်ဒမီများရှင် မို့မို့မြင့်အောင် 

မို့မို့မြင့်အောင်ဟာ ၁၉၇၉ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ပထမဆုံးရိုက်တဲ့ “ မွန်းတည့်ချိန်တွင် နေဝင်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကျော်ဟိန်းနဲ့ တွဲဖက်ရိုက်ကူးပြီး ပရိသတ် စသိတဲ့ သရုပ်ဆောင်တစ် ယောက်ဖြစ်လာခဲ့တာပါ။ ၁၉၈၄ ခုနှစ်မှာ “ နှလုံးသားမြို့တော်” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆု ရပြီးတဲ့နောက်မှာတော့ တစ်ရှိန်ထိုးအောင်မြင်လာတာ တွေ့ရပြီး ထိပ်တန်း ခေါင်းဆောင် မင်းသမီးအဖြစ် ကျော်ကြားမှုတွေ ရခဲ့ပြန်ပါတယ်။ 

မို့မို့မြင့်အောင်က အနုပညာသာမက ဖက်ရှင်မှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ မို့မို့ဝတ်လိုက်တဲ့ အဝတ်အစား၊ ဖိနပ်၊ ပြက္ခဒိန်၊ ဖက်ရှင်စာအုပ်တွေကအစ ရောင်းကုန်တဲ့အထိ အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရနေတာကြောင့် သူမရဲ့ အနုပညာကြေးကလည်း မင်းသားတွေထက်တောင် ပိုများတယ်လို့ သိရပါတယ်။ 

နောက်ထပ်အောင်မြင်မှု အမှတ်တရကတော့ “ ဗိုလ်ချုပ်ဈေးကို အင်္ကျီတိုင်းဖို့ သွားရင်တောင် ဈေးပါ ပိတ်လိုက်ရတဲ့အထိ ပရိသတ်တွေ လာကြည့်ကြတာဖြစ်ပြီး တချို့ပရိသတ်တွေဆို လူကို မနမ်းရရင် ကားကို နမ်းကြတယ်၊ ဇာတ်ကားတွေမှာ နာမည်ထိုးရင်တောင် မင်းသားတွေကို မမို့နာမည်အောက်မှာပဲ ထိုးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မမို့နာမည်နဲ့မှ ဇာတ်ကားတွေက ရောင်းလို့ရတာဆိုတော့လေ” လို့လည်း MRTV-4 ရဲ့ Let’s Talk အစီအစဉ်မှာ ပြောခဲ့ဖူးပါတယ်။ 

အနုပညာ မှော်ကဝေမလို့လည်း တင်စားခံခဲ့ရတဲ့ မို့မို့မြင့်အောင်ဟာ နှလုံးသားမြို့တော်မှာ ဇာတ်ပို့ဆုနဲ့ ခပ်စိမ်းစိမ်းပဲနေပါ့မယ်၊ သမီးနဲ့အမေများ၊ မသုဓမ္မစာရီ၊ မြင့်မိုရ်ထက်ကသရဖူ ရုပ်ရှင်များမှာ ဇာတ်ဆောင်ဆုရရှိကာ စုစုပေါင်း အကယ်ဒမီ ၅ ဆု ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 

သူအောင်မြင်နေတဲ့ အချိန်မှာ သရုပ်ဆောင် ဒွေးကိုလည်း “ လူဝိုင်း” ရုပ်ရှင်ဇာတ်ကားကနေစပြီး လက်တွဲခေါ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မို့မို့မြင့်အောင်ဟာ ဖခင်ကွယ်လွန်သွားပြီးနောက်မှာ အနုပညာလောကနဲ့ (၆) နှစ်ခန့်အကြာ ဝေးကွာခဲ့တဲ့အတွက် သူမရဲ့အနုပညာ ဈေးကွက်ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ 

အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ စီစဉ်တဲ့အချိန်မှာ သူ့ကိုလည်း ဒွေးက ပြန်ပြီးလက်တွဲခေါ်ခဲ့တာဖြစ်ပြီး “ အဆိပ်သင့်ရင်ခွင်”ဆိုတဲ့ ဇာတ်ကားရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယို ခေတ်အောင်မြင်နေတဲ့အချိန်မှာ “ အဆိပ်သင့်ရင်ခွင်” ဇာတ်ကားရဲ့ အောင်မြင်မှု လျှမ်းလျှမ်းတောက်ခဲ့တာဖြစ်တဲ့အတွက် ဗီဒီယိုခေတ်မှာ မင်းသမီးကို စာချုပ်ချုပ်တဲ့ ထုတ်လုပ်ရေးမရှိပေမယ့် သူမကတော့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့တဲ့ ပထမဆုံး သရုပ်ဆောင်တစ်ဦးလို့လည်း ပြောလို့ရပါတယ်။ အဲဒီကနေစလို့ မို့မို့မြင့်အောင်ဟာ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်လျှက်ရှိပြီး မျိုးဆက်သစ်အနုပညာရှင်လေးတွေကို ပညာတွေ ပြန်လည်မျှဝေပေးနေတာကို တွေ့ရပါတယ်။ 

ကိုးကား။ ။ Wikipedia, MRTV-4 Let’s Talk Interview 


ဆက်စပ်အကြောင်းအရာများ



က္က