မောင်နှမ နှစ်ဝမ်းကွဲလောက် တော်တယ်။

မို့မို့မြင့်အောင်ဟာ သရုပ်ဆောင် ပြေတီဦးနဲ့ မောင်နှမ ဝမ်းကွဲ တော်စပ်တဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Moht Moht Myint Aung



အကယ်ဒမီ များရှင် မို့မို့မြင့်အောင်နဲ့ အကယ်ဒမီ ပြေတီဦးတို့ဟာ မောင်နှမ ဝမ်းကွဲတော်စပ်တယ်ဆိုတာကို မို့မို့မြင့်အောင်က ပြောပြခဲ့ပါတယ်။ အမျိုးတော်စပ်ပုံတွေကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ပြေတီဦးနဲ့ မမို့က မောင်နှမ နှစ်ဝမ်းကွဲတော်တယ်။ အဖေဘက်က တော်တာပါ။ သူတို့အဘွားနဲ့ မမို့တို့နဲ့က အမျိုးတွေပါ။ သူ့အဖေက ဆရာဝန်ဆိုတော့ နယ်တွေမှာ ဆေးလိုက်ကုနေရတော့ သူတို့နဲ့ နည်းနည်းဝေးသွားတာ။ အဒေါ်တွေနဲ့ကတော့ အရမ်းတရင်းတနှီးဖြစ်ကြတယ်။ မမို့ ငယ်ငယ်တုန်းကဆိုရင် ပြေတီဦး အဒေါ်ကပဲ မိတ်ကပ်လူးပေးတာ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်နဲ့ ပြေတီဦးတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နှစ်ဦးဖြစ်ပါတယ်။ သူတို့ကိုတော့ မောင်နှမ တော်စပ်တယ်လို့ ပရိသတ်တွေက မသိခဲ့ကြသေးပါဘူး။ မို့မို့မြင့်အောင်က လက်ရှိမှာလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားသူဖြစ်သလို ပြေတီဦးကလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ နှစ်ယောက်အတူတွဲပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာတွေလည်း အများကြီးပါ။  

Photo: Moht Moht Myint Aung

လက်ရှိမှာလည်း မို့မို့မြင့်အောင်ဟာ “သရဲဆိုတာ ချိုနဲ့လား” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ပြေတီဦးနဲ့ အတူသရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ပြေတီဦးရဲ့ ကာရိုက်တာကို စိုးရိမ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ 

“ မမို့ စိုးရိမ်မိတဲ့အခန်းက ဂျုံ တို့၊ ဆန်မှုန့်တို့ သိုလှောင်တဲ့ အခန်းမှာ မမို့က သူ့အမေပေါ့။ အမေကို သူက လည်လှီးပြီးပြန်သတ်ဖို့ လုပ်တဲ့အခန်းမှာ မမို့က ပြန်အော်တာပေါ့နော်။ ဒါပေမယ့် သူ့ကို ဒီကာရိုက်တာ ဝင်နေတဲ့အချိန်မှာ သတိထားဖို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာရိုက်တာထဲက စရိုက်က ကြမ်းတဲ့အတွက်ကြောင့် ကူးစက်တတ်တယ်လို့ပေါ့။ ဒီကာရိုက်တာက စိတ်ထဲက မထွက်သွားလို့ရှိရင် အိမ်မှာ ပြဿနာရှာတာတို့၊ တကယ်လို့ လမ်းပေါ်မှာ မော်တော်ပီကယ်ဖမ်းရင် ပြန်အော်တာတို့ ရှိတတ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးတယ်လေ။ ဒါပေမယ့် သူ ဘာမှ မဖြစ်ခဲ့ပါဘူး။ အေးအေးဆေးဆေးပါပဲ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Amazing Grace

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က