ငွေကြေး အလွဲသုံးစားမှုတွေ သတိထားစေချင်တယ်။

ဦးကျော်သူဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီး အောင်မြင်မှုတွေ ရလာတဲ့အချိန်မှာ အောက်ခြေမလွတ်ကြဖို့ အမှာစကားပါးခဲ့ပါတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး သတိထားရမှာတွေလည်းရှိတယ်လု့ိ ဆိုပါတယ်။

Photo: Kyaw Thu



ပရဟိတလုပ်ငန်းတွေ အောင်မြင်လာချိန်မှာ အောက်ခြေမလွတ်ကြဖို့ ဦးကျော်သူက စကားလက်ဆောင်ပါးခဲ့ပါတယ်။ ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ အတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဝေမျှ ပြောပြခဲ့ပါတယ်။ 

‘’ ကိုယ်က ပရဟိတ လုပ်လာရတဲ့အချိန်မှာ ကိုယ့်ရဲ့ အနုပညာလုပ်ငန်း အချိန်တချို့ဖဲ့ပေးရပြီ။ ကိုယ်ကူညီတဲ့လူကိုလည်း စိတ်လိုက်မာန်ပါ မပြောဆိုဖို့ အပြောအဆိုက အစ၊ ကိုယ်နှုတ်အမူအရာက အစအရေးကြီးလာပြီ။ အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိရမယ်။ အောက်ခြေမလွတ်ကြဖို့ ငါလုပ်တာ အောင်မြင်နေတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကို အားကိုးနေတယ် ဆိုပြီးတော့ အောက်ခြေလွတ်လို့တော့ မဖြစ်ဘူး။ အောင်မြင်မှုဒဏ်နဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စတွေကို တော်တော်လေး စောင့်ထိန်းရမယ်’’ လို့ ဆိုပါတယ်။

Photo: Kyaw Thu

ဦးကျော်သူဟာ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်လာတဲ့အချိန်မှာ ပရဟိတအလုပ်တွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ အခက်အခဲတွေများခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ငွေကြေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အရာတွေကိုလည်း စောင့်ထိန်းရမယ်ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က ဦးစိုင်းနေမျိုးဝင်း မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ပရဟိတ လုပ်တယ်ဆိုတာ ကျွန်တော်တို့လုပ်တဲ့အချိန်တုန်းကတော့ လွတ်လပ်မှု မရှိဘူး။ ဖမ်းဆီမယ်ဆိုတာတွေ၊ တားဆီးတာတွေ အမျိုးစုံကြုံရတယ်။ အခုဆို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ ခေတ်ရောက်လာတဲ့အတွက် လုပ်ကြပါ။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားရတယ်။ အလှူငွေတွေရလာလို့ရှိရင် ငွေကြေးဖောက်ပြန်မှုတွေ မဖြစ်အောင်၊ ကိုယ်က စောင့်ထိန်းရမယ်။ ဒီငွေကြေးက အများအတွက် သုံးတဲ့အရာ၊ ဒါကို ကိုယ့်အတွက် သုံးတယ်ဆိုရင်တော့ မကောင်းတဲ့အရာပဲ’’ လို့ ဆိုပါတယ်။

Photo: Kyaw Thu

အနုပညာလောကသားတွေ အနေနဲ့လည်း ပရဟိတအလုပ်တွေကို ဆောင်ရွက်သင့်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

‘’ အနုပညာသမားတွေအနေနဲ့ကတော့ အမှန်မှန် အဓိက လုပ်သင့်တာက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ အသင်းအဖွဲ့တစ်ခုခုထူထောင်ပေးတယ်ဆို ဒါ အကောင်းဆုံးပဲ။ ဒါမှ ရုပ်ရှင်လောကသားတွေ အဆင်ပြေမှာ။ ကျွန်တော်လည်း ပြောပေါင်းများပါပြီ။ အကယ်ဒမီ ကိစ္စဆိုလည်း ကျွန်တော် အကြံပေးတာပဲ ဘာမှ မဖြစ်လာတော့ မပြောတော့ဘူးလေ။ ကိုယ်ကတော့ ကိုယ်နိုင်တဲ့ဘက် ကိုယ်လုပ်မှာပဲ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က