အလှူအတန်းဆိုရင် လက်မနှေးတဲ့ မိသားစုလေးပါ။

ခင်လှိုင်တို့ မိသားစုကတော့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေအတွက် ဆန်၊ ဆီ၊ အချိုမှုန့်၊ ကြက်သွန်ဖြူ၊ နီ တွေ လှူခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

သရုပ်ဆောင်ခင်လှိုင်တို့ မိသားစုကတော့ မတ်လ(၂၃) ရက်နေ့ မနက်ပိုင်းက ဇာတ်ပို့ဇာတ်ရံလောကသားတွေနဲ့ ပရိသတ်တွေအတွက် ဆန်၊ ဆီ၊ ကြက်သွန်အဖြူ၊ အနီ တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အလှူလေး လုပ်ဖြစ်တဲ့အကြောင်းကိုလည်း ခင်လှိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဒီနေ့ လှူတဲ့အလှူက ကျွန်တော်တို့ အဖွဲ့သားတွေ နားနေကြတယ်။ ကျွန်တော်ပွဲတွေ နားရတဲ့အတွက် သူတို့ ရိက္ခာပျက်မှာစိုးလို့ သူတို့အတွက် ဆန်ရယ်၊ ဆီရယ်၊ အချိုမှုန့်ရယ်၊ ကြက်သွန်နီရယ် လှူမယ်လို့ ရည်ရွယ်ထားတဲ့အချိန်မှာ အမျိုးသမီးနဲ့ တိုင်ပင်လိုက်တော့ ရပ်ကွက်ထဲက လူတွေကိုပါ ဝေမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော့်အဖွဲ့သားတွေကိုတော့ ဆန် ၁၀ ပြည် တစ်အိတ်၊ ဆီ တစ်ပိသာ၊ ကြက်သွန် အဖြူ အနီ တစ်အိတ်စီ၊ အချိုမှုန့်ကတော့ သမီးနွေးနွေးချစ်ဖွယ်က လှူတယ်။ ပရိသတ်တွေအတွက်ကတော့ ဆန် နို့ဆီဗူး ၄ လုံး တစ်အိတ်စီထုတ်ပြီးတော့ လူ ၁၄၀၀ ကျော်အတွက် ထုတ်ထားတယ်” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့မနက်က မိသားစု အလှူလေးမှာ ပြောခဲ့ပါတယ်။ 

အလှူအတန်းတွေ လုပ်နေရရင် ပျော်နေတတ်တဲ့ မိသားစုဖြစ်တာကြောင့်လည်း ဝမ်းသာရတယ်လို့ ခင်လှိုင်က ပြောပါတယ်။ အလှူခံမယ့် ပုဂ္ဂိုလ်ရှိလို့ အလှူလုပ်ခွင့်ရတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

“ လှူခွင့်ကြုံလို့ လှူရတယ်လို့မှတ်တယ်။ ဘယ်လောက်ပဲ လှူချင် လှူချင် အလှူရှင်ရှိပေမယ့်လည်း အလှူခံ ပုဂ္ဂိုလ်ရှိမှပေါ့။ ဒီလိုပဲ အလှူခံ ပုဂ္ဂိုလ်ရှိပေမယ့်လည်း အလှူရှင်ရှိမှ အဆင်ပြေတာပေါ့။ ဒါကလည်း တိုက်ဆိုင်တာပေါ့နော်။ အခုလို လှူခွင့်ရတဲ့အတွက် ပီတိဖြစ်ပါတယ်။ ဝမ်းလည်း ဝမ်းသာရတယ်။ မိသားစု ၄ ယောက်ရှိတဲ့အိမ်မှာ ၄ ယောက်စလုံး လာတန်းစီကြတယ်ဆိုရင်လည်း သူတို့ မိသားစုအတွက် ၄ ရက်စာလောက် အဆင်ပြေသွားတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။သူ့ရဲ့ အနုပညာအမွေကိုတော့ သားဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့် က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နေရဲ နဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က