မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

မကြာခင်ရုံတင်ပြသသွားမယ့် ''နို့ဘီလူး''ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမှတ်တရအကြောင်းတွေကို ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေက အခုလို ပြောပြလာပါတယ်။ ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါက နို့ဘီလူး အစွဲ၊ အယူအဆ ရှိခဲ့တဲ့ အကြောင်းတွေကို ရည်ရွယ်ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo: နို့ဘီလူး



‘’နို့ဘီလူး’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ အဘွားဒေါ်မြတ်မွန် နဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားဟာ Trailer ကို မိတ်ဆက်လိုက်ကတည်းက ပရိသတ်များစွာတို့ရဲ့ စိတ်ဝင်တစား အားပေးခြင်းကိုလည်း ခံထားရတဲ့ ဇာတ်ကားပါ။ ‘’နို့ဘီလူး’’ရုပ်ရှင်ကားကြီးထဲမှာ ဆင်းရဲတဲ့အဘွားအို ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်တဲ့ အဘွားဒေါ်မြတ်မွန်ရဲ့ စကားသံကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ အသက် ၃၂ နှစ်ကစပြီး ဇာတ်ကားမရိုက်ဖြစ်တော့တာ ကိုလူမင်းကြောင့် ဒီဇာတ်ကားရိုက်ဖြစ်တာပါ။ ကိုလူမင်းက နို့ဘီလူးရိုက်မယ် ဆိုတော့ အမေ့မှာလည်း ဘာမှ အဆင်သင့်မဖြစ်ဘူူးဆိုတော့ မလိုဘူးတဲ့။ ဆင်းရဲတဲ့အဘွားကြီး၊ အိုအိုကြီး အဲဒီအခန်းကို လိုချင်တာတဲ့။ သွားအတုတွေလည်း မယူလာနဲ့ နဂိုရှိရင်းအတိုင်းပဲ ရိုက်မယ် ဆိုတော့ အထုတ်တစ်ထုတ်ဆွဲပြီးတော့ ကိုလူမင်းခေါ်တာနဲ့ ရိုက်ဖြစ်သွားတာ’’ လို့ သူကဆိုပါတယ်။

Photo: နို့ဘီလူး

အဲဒီနောက် နို့ဘီလူး ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း လူမင်းက အခုလိုပြောပြလာပါတယ်။ ဒီဇာတ်ကားဟာ နို့ဘီလူး အစွဲရှိခဲ့တဲ့ အကြောင်းကို ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်တဲ့။

‘’ နို့ဘီလူးဆိုတာက ဟိုးနယ်တွေမှာ ဟိုအရင်က အယူအဆ အစွဲ ကြီးကြီးမားမားရှိတယ်။ ဘာလဲဆိုတော့ အဲဒီကလေးက အဖက်မတင်ဘူးပေါ့။ အမေရဲ့ နို့ရည်ကိုလည်း မသောက်သုံးရဘူး၊ အဲဒီကလေးကို တခြားနေရာမှာ ငါးမတ် နဲ့၊ တစ်မတ်နဲ့တို့ ရောင်းစားတာတို့လုပ်မှာ အဲဒီကလေးက အဖက်တင်တာ။ နောက်ကလေးတွေလည်း ဆက်ပြီးတော့ အဖက်တင်တယ်ပေါ့။ နို့ဘီလူးအစွဲဆိုတာ အဲဒီလို အယူအဆလေးတွေရှိတယ်’’ လို့ မတ်လ ၂၆ ရက်နေ့ ညက နို့ဘီလူးရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: နို့ဘီလူး

ဒီဇာတ်ကားထဲမှာတော့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာ နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမှုန်ရတီကလည်း အမှတ်တရ စကားပြောပြထားပါသေးတယ်။ ဒရာမာ ကြိုက်တဲ့ ပရိသတ်တွေအတွက်ကတော့ ဒီဇာတ်ကားက အကောင်းဆုံးပဲလို့ ညွှန်းဆိုထားပါသေးတယ်။

‘’ ပရိသတ်တွေက အရမ်း နက်နက်နဲနဲခံစားရတဲ့ ဇာတ်ကားမျိုးကို ကြိုက်မယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကလည်း ကိုယ် ဒုတိယမြောက်ရိုက်တဲ့ ဇာတ်ကားဆိုတော့ အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားက တော်တော်ကောင်းပါတယ်’’ လို့ ဆိုပါတယ်။

Photo: နို့ဘီလူး

နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မတ်လ ၂၉ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်းကိုတော့ အကယ်ဒမီ ငြိမ်းမင်းက ရေးဖွဲ့ထားတာပါ။ ဒါရိုက်တာအနေနဲ့ လူမင်းကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က