ကိုယ်တိုင်က ပြောင်းလဲလာတာပါ။
Sabal Thwin

ကျော်ကျော်ဗိုဟာ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်လိုက်တဲ့ ဇာတ်ကားတိုင်းကို သေသေချာချာရွေးချယ် စိစစ်ပြီးမှ လက်ခံတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေ မြင်နေကြ ပုံစံတွေကို ပြောင်းလဲရိုက်ကူးချင်တယ်လို့ သူကပြောပါတယ်။

Photo: Kyaw Kyaw Bo

ကျော်ကျော်ဗိုက သူ့ရဲ့ အနုပညာဖန်တီးမှုတွေကို ပတ်သက်ပြီး စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေ ရှိတယ်လို့ဆိုပါတယ်။ ဒီ့အတွက် ပြောင်းလဲမှုတွေ စလုပ်နေပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အနုပညာကိုတော့ ကျွန်တော်က တောက်လျှောက်ဖန်တီးနေရဦးမှာပဲ။ အခုနောက်ပိုင်း ကျွန်တော့်ရဲ့ အနုပညာထုတ်လုပ်မှုပုံစံက ကိုယ့်ဘာသာကိုယ် ပြောင်းလဲလာတဲ့ဟာကို ပရိသတ်တွေက မျက်စိဒေါက်ထောက်ပြီးတော့ ဂရုတစိုက်နဲ့ စောင့်ကြည့်နေကြတာကို ကျွန်တော် ပီတိဖြစ်ပါတယ်။ အဲဒီအတွက် စောင့်ကြည့်ရကျိုးနပ်အောင်လည်း ကျွန်တော် ကြိုးစားသွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Kyaw Bo

သူဟာ ‘’ကျွန်တော်ရှက်တယ်’’ ဆိုတဲ့ Program လေး ရိုက်ကူးပြီးသွားတဲ့နောက်မှာတော့ ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်တွေ၊ ဇာတ်ကားတွေကို သေချာ စိစစ်ရွေးချယ်ပြီးမှ ရိုက်ကူးတယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

‘’ ရွေးရပါတယ် ခင်ဗျ။ မရွေးလို့လည်း မရဘူး ကျွန်တော်က ကိုယ်ကိုယ်တိုင်က ဒီလို လုပ်ကြပါလားပြောပြီး ဒီလို မလုပ်ရင်လည်း သဘောမကျပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှုလေးတစ်ခု ဖြစ်စေချင်တယ်။ အဲဒီအတွက် ကျွန်တော်လည်းပြောင်းလဲပါတယ်။ ရွေးချယ်ရပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့က စစ်ကား ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Memories of tomorrow

အဲဒီနောက် အနုပညာရှင်တစ်ယောက်လည်းဖြစ်၊ ပရိသတ်တွေချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်တာကြောင့် အမြဲတမ်း ဖန်တီးမှုအသစ်တွေ ပေးချင်တယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

‘’ ပရိသတ်အတွက် ကျွန်တော်တို့ ဖန်တီးတင်ပြမှု ပုံသဏ္ဍာန်တွေက ပရိသတ်အတွက် အနုပညာသမားလို့ ခံယူထားလို့ရှိရင် အမြဲတမ်း ဆန်းသစ်နေရမှာပါ။ ကျွန်တော်ပါတိုင်း ပရိသတ်ကို ကြည့်စေချင်တဲ့ဟာမျိုးတော့ ကျွန်တော် လုပ်မှာ မဟုတ်ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Kyaw Bo

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


က္က