အဖေ နဲ့ အစ်မက အမှတ်တရတွေ အရမ်းများပါတယ်။

ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူ ဦးမန်းဝင်း မှာကြားခဲ့တဲ့ စကားတွေမှာ ပရိသတ်ကို မစော်ကားဖို့၊ ထမင်းရှင်၊ ဟင်းရှင်တွေကို အငြိမ့်မကခင် အမြဲ ကန်တော့ဖို့ မှာလေ့ရှိတဲ့ အကြောင်းပြောလာပါတယ်။

Photo: Hay Mar Mann Win



ဟေမာမန်းဝင်းက ဖခင်ဖြစ်သူ ဦးမန်းဝင်းနဲ့ အမှတ်တရတွေကို ပြောပြခဲ့သလို ဖခင်မဆုံးခင်က အမြဲတမ်း မှာကြားခဲ့တဲ့ စကားလေးတွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။

“အစ်မ အတွက်ကတော့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ အများဆုံးပါပဲ။ အဖေ မဆုံးခင်ကတော့ အစ်မကို အစုံပဲ မှာခဲ့တာ ပရိသတ်ကို မစော်ကားဖို့၊ စင်ပေါ် ရောက်ရင်လည်း ဟေမာ့ရဲ့ ထမင်းရှင်၊ ဟင်းရှင် ပရိသတ်ကြီးကို ကန်တော့ပါတယ်လို့ ပြောပြီးတာနဲ့ နင် ပြက်လုံးတွေ ပြက်တော့ ဆိုပြီးတော့ ပြောတယ်။ အဖေက အစ်မကို မှာစရာရှိရင် အနုပညာအလုပ်နဲ့ ပတ်သက်တာကိုပဲ မှာတယ်။ နေတာထိုင်တာ၊ လေယူလေသိမ်း၊ ပြက်လုံးပြက်တာက အစ သင်ပေးတယ်"လို့ သူက ဆိုပါတယ်။ 

Photo: Hay Mar Mann Win

ဦးမန်းဝင်းဟာ အနုပညာအပေါ် အရမ်းကို ရူးသွပ်လွန်းသူ ဖြစ်ပြီး သားသမီးလေးတွေကိုလည်း သူတတ်တဲ့ အနုပညာနဲ့ ပတ်သက်ပြီး အမွေပေး သွန်သင်ဆုံးမတတ်သူဆိုလည်းမမှားပါဘူး။ 

ရိုက်ကူးရေးတွေ နားရလို့ အိမ်မှာ သားအဖတွေ ဆုံရင်လည်း ပြက်လုံးလေးတွေ၊ ဟာသလေးတွေ အတူတူပြောရင်း သူ့ရဲ့ အနုပညာတွေကို သင်ပေးလေ့ ရှိတယ်လို့ ဟေမာမန်းဝင်းက ပြောပါတယ်။

" သူ သင်ပေးလို့ မောသွားရင်လည်း ဖေကြီး ခဏထိုင်ဦး ဆေးလေးဘာလေး သောက်ဦးဆိုပြီးတော့ ပြောရသေးတာ။ အိမ်မှာ အဖေရယ်၊ အမေရယ်၊ အစ်မရယ် (၃) ယောက်ဆုံရင် ပြက်လုံးတွေ ပြောပေးတယ်။ ဘယ်လူရွှင်တော်က ဘယ်လို ပြက်လုံးပြက်တာ၊ ဘယ် ဇာတ်ကားကတော့ ဘယ်လို ဆိုပြီး ပြန်ပြောကြတယ်။ ဘယ်မှာတော့ ငါတို့ သားအဖ ဘယ်လိုတွေ ပိုက်ဆံရှာခဲ့ကြတာ ဆိုပြီးတော့ အမှတ်တရလေးတွေကို အမေ့ကို ပြောတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Hay Mar Mann Win

ဟေမာမန်းဝင်းဟာ လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် မန်းဝင်းရဲ့ သမီးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မိသားစုဝင်ထဲမှာ အကြီးဆုံး သမီးဖြစ်သလို ဦးမန်းဝင်းရဲ့ အချစ်ဆုံး သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

 “ အိမ်မှာဆို အဖေက အစ်မကို အချစ်ဆုံး၊ အားအကိုးဆုံး၊ အိမ်မှာဆိုလည်း အစ်မက အဖေ့ကိုပြန်ခံပြောတယ်။ သမီး အကြီးဆုံး ဆိုပေမယ့် မိသားစုအပေါ်မှာ အစ်မက ကလေးလေး တစ်ယောက်လို ဆိုးတယ်။ အခုချိန်ထိ မိဘတွေဆီက မုန့်ဖိုး လက်ဖြန့်တောင်းတုန်း၊ ကိုယ့်ပိုက်ဆံကိုယ် သေချာ မသုံးတတ်သေးဘူး။ သူ့ကို ဘုဆတ်ဆတ်တွေ ပြန်ပြောရင် နင်တို့ ငါမရှိမှ နောင်တရလိမ့်မယ် ဆိုတာ အမြဲပြောတယ်။ အစ်မက အသက်သာ ၄၀ နားကပ်နေတာ ကျပ်မပြည့်ဘူးဆိုပြီး အရမ်းပြောတယ်။ အခုတော့ အစ်မရဲ့ အမေ အတွက် ပဲ တာဝန်ယူနိုင်ပါသေးတယ်” ဆိုပြီးတော့ ဇူလိုင် ၁၉ ရက်နေ့က ဆိုပါတယ်။ 

ဖခင်ရဲ့ အနုပညာအမွေကို ရရှိထားတဲ့ ဟေမာမန်းဝင်းဟာ ဖခင်ဖြစ်သူ ဦးမန်းဝင်းရဲ့ ဇာတ်အဖွဲ့ထဲမှာ ဇာတ်မင်းသမီး တစ်ယောက်အဖြစ် အငြိမ့်တွေ ကခဲ့သလို ဒိန်းဒေါင်ရဲ့ ဇာတ်သဘင်မှာလည်း ပါဝင်ကပြ ဖျော်ဖြေခဲ့ပါသေးတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဟာသ သရုပ်ဆောင် တစ်ယောက် အဖြစ် ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က