သီချင်းလေးတွေ လုပ်နေပါတယ်။

ထွန်းဝီရ ကတော့ ၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက်ရွှေကြိုတစ်ယောက်ဖြစ်ပေမယ့် Covid ကြောင့် အကယ်ဒမီပေးပွဲကြီး ရက်ရွှေ့လိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေ မမေ့သွားအောင် သီချင်းလေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

Photo: Hnin Eain Kha



ထွန်းဝီရက ဂီတနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ မြင်တွေ့ရဦးမှာပါလို့ဆိုပါတယ်။ သူဟာ Covid ကာလမှာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် သီချင်းလေးတွေ ဆိုနေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အနုပညာနဲ့ ပတ်သက်ပြီး အခုဆိုရင် ရွှေကြိုတစ်ယောက်အနေနဲ့ အကယ်ဒမီပေးပွဲ ဘယ်တော့ဖြစ်မလဲဆိုတာကို စောင့်နေပါတယ်။ ပြီးတော့ ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင်လို့ သီချင်းလေးတွေ လုပ်ဖြစ်နေတယ်။ ကျွန်တော် တစ်ယောက်တည်းဆိုမယ့် သီချင်းလည်း ထွက်ဖို့ရှိသလို အစ်ကို နဲ့ ဆိုထားတဲ့ သီချင်းလည်း ထွက်လာဖို့ရှိတယ်။ လောလောဆယ်ကတော့ အသံသွင်းမှာပေါ့” လို့ ဇူလိုင် (၂၀) ရက်နေ့က Duwun ကို ဖြေဆိုခဲ့တာပါ။ 

Photo: Hnin Eain Kha

ထွန်းဝီရရဲ့ သီချင်းအသစ်လေးကိုတော့ သြဂုတ်လအတွင်းမှာ ပရိသတ်တွေ နားထောင်ရတော့မယ်လို့ ဆိုပါတယ်။ 

“ အစ်ကိုနေမိုးဝင်းနဲ့ ဆိုထားတဲ့ သီချင်းကတော့ MTV ပုံစံလေး ထွက်လာမှာပါ။ မန္တလေးမှာ သွားရိုက်ထားတာ ဦးခင်လှိုင်ပါမယ်၊ သဇင်ထူးမြင့်ပါမယ်၊ မန္တလေးက မင်းသမီး နန်းခင်မွှေးလည်း ပါတယ်။ ကျွန်တော်တို့ကို အများကြီး ကူညီပေးထားကြပါတယ်။ သြဂုတ်လ အတွင်းမှာ ထွက်မှာပါ။ သီချင်းဟောင်းလေးကို ပြန်ဆန်းသစ်ပြီး သီဆိုထားတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Hnin Eain Kha

ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က