မင်းသမီး ပေါက်စကတည်းက ချစ်ခဲ့ကြတာ။

ဝတ်မှုံရွှေရည်ဟာ သရုပ်ဆောင်အလုပ်ကို စလုပ်ကတည်းကနေ အခုချိန်ထိ သူမကို အမှား၊ အမှန် ဝေဖန်ထောက်ပြပေးကြတဲ့ ပရိသတ်တွေရဲ့ စေတနာကို အမြဲလက်ခံတယ်လို့ ဆိုပါတယ်။ 

Photo: Nge



ဝတ်မှုံရွှေရည်ကတော့ အနုပညာသက်တမ်း (၁၅) နှစ်ဆိုတဲ့ ကာလအထိကို ချစ်နေပေးတဲ့ ပရိသတ်တွေ ရှိတယ်လို့ ဆိုပါတယ်။ သူမအပေါ် အမှား အမှန်ဝေဖန်ထောက်ပြပေးတဲ့ ပရိသတ်တွေ ဖြစ်တာကြောင့်လည်း ခွန်အားတွေ ဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ ကစ်ကို အရမ်းချစ်တဲ့သူတွေကတော့ ကစ်ရဲ့အနောက်မှာ အမြဲတမ်း ရှိနေပေးကြတယ်။ အဲဒီ စိတ်ကလေးနဲ့ ကစ်မှာ ခွန်အားတွေ ရှိလာတယ်။ သူတို့က ကစ်ကို မျက်စိမှိတ်ချစ်တာ မဟုတ်ဘူး။ အမှား တစ်ခုခုရှိရင် သူတို့က ထောက်ပြတယ်၊ ဝေဖန်ပေးကြတယ်၊ ဒါတွေကို ကိုယ်ကလည်း လက်ခံတယ်။ ကစ် မင်းသမီး ပေါက်စကတည်းက ချစ်လာကြတဲ့ သူတွေပါ။ အခုဆိုရင် (၁၅) နှစ်လောက်ရှိပြီ သူတို့ ကြောင့်လည်း ကစ် အခုလို ရှေ့ဆက်သွားလို့ရတာပါ” ဆိုပြီးတော့ သြဂုတ်လ (၇) ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ရဲ့ ဒီနှစ်မွေးနေ့အတွက် အမှတ်တရ တစ်ခုကတော့ သူမရဲ့ နာမည်နဲ့ မွေးနေ့ရက်လေးကို တက်တူးထိုးခဲ့တဲ့ ပရိသတ်ကြောင့် ဝမ်းနည်း ဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ တန်ဖိုး ထားတတ်မှုကိုလည်း အရမ်းပီတိဖြစ်ရတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ တက်တူးထိုးကြတဲ့ ပရိသတ်တွေထဲမှာ မှတ်မှတ်ရရ ရှိတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်။ တက်တူးဆိုတာ ခန္ဓာကိုယ်ပေါ်မှာ ထိုးပြီးသွားရင် ပြန်ဖျက်လို့ မရတဲ့ အရာတစ်ခုပါ။ တက်တူးချည်းပဲ ကြိုက်တဲ့ လူတောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူတို့ ကြိုက်တဲ့ အရာပဲ တင်ကြတာလေ။ ကိုယ့်ဓာတ်ပုံ၊ ကိုယ့်နာမည်၊ ကိုယ်နဲ့ ပတ်သက်တာလေးကို တက်တူးထိုးတယ် ဆိုကတည်းက ကိုယ့်ကို ဘယ်လို တန်ဖိုးထားတယ် ဆိုတာ သိပါတယ်။ အရင်တုန်းကလည်း Fan Club ထဲမှာ Post တွေဘာတွေ တင်ပြီး ကျေးဇူးတင်ကြောင်း၊ ပီတိဖြစ်ရတဲ့ အကြောင်းတွေ ရေးခဲ့ဖူးတယ်" လို့ ဆိုပါတယ်။

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က