Joox ကနေ ဆုရခဲ့တာ ဖြစ်ပါတယ်။
Sabal Thwin

Ar-T ကတော့ ငွေကျပ်သိန်း(၃၀) ကို သက်ကြီး LGBT တွေနဲ့ စည်ပင်လုပ်သားတွေအတွက် အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  

အဆိုတော် Ar-T ကတော့ အိပ်မက်လေး သီချင်းနဲ့ Joox App က ချီးမြှင့်တဲ့ Joox 2020 Half Year Award Winner ဆုကို ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ရွှေဆုတွေကိုရောင်းလို့ရတဲ့ တန်ဖိုးငွေအပြင် ငွေကျပ်သိန်း(၃၀) ပြည့်အောင် ထပ်ဖြည့်ကာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ Duwun ကနေ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 

“ လှူတဲ့ ငွေကတော့ သိန်း(၃၀) ပေါ့နော်။ (၁၅) သိန်းကိုကျတော့ ဆေးရောင်ခြယ် တွဲလက်များ ဆိုပြီးတော့ မိတ်ကပ်ဖန်တီးရှင်တွေဦးစီးထားတဲ့ သက်ကြီး LGBT ဆိုတဲ့ အဖွဲ့ကို လှူခဲ့တယ်။ အခက်အခဲကြုံနေရတဲ့ မိတ်ကပ်ဖန်တီးရှင်တွေ အတွက် ရည်ရွယ်ပြီး လှူခဲ့တာပါ။ နောက်ထပ် (၁၅) သိန်းကိုကျတော့လမ်းသွားရင်းနဲ့ လမ်းဘေးမှာ အမှိုက်သိမ်းနေကြတဲ့ စည်ပင်ဝန်ထမ်းတွေ၊ သက်ကြီး ဘိုးဘွားတွေကို လှူဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။ 

Photo: Ar-T

Ar-T ဟာ အလှူအတန်းတွေ လုပ်တိုင်း ပရိသတ်ကို အသိပေးလေ့မရှိတဲ့သူ တစ်ယောက်ပါ။ ဒီတစ်ခါပြုလုပ်တဲ့ အလှူကတော့ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကို သိစေချင်လို့ ပြောပြတာလို့ ဆိုပါတယ်။

“ Covid ကာလအတွင်းမှာ အရင်တုန်းက ကျွန်တော် လှူဖြစ်တာတွေရှိပါတယ်။ အွန်လိုင်းပေါ် မတင်ဖြစ်တာနဲ့ မပြောပြဖြစ်တာပဲရှိတာပါ။ ဒီတစ်ခေါက်ကျတော့ ပရိသတ်တွေလည်း သိအောင်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြဖို့၊ ဖေးဖေးမမ ကူညီပြီး လှူသင့်တာကို လှူကြဖို့၊ အဆင်ပြေတဲ့ သူလည်း ရှိသလို၊ အဆင်မပြေတဲ့ သူတွေလည်း ရှိနိုင်ကြပါတယ်။ အဆင်ပြေတဲ့သူတွေအနေနဲ့ တကယ်လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနိုင်သလောက် လှူဒါန်းဖြစ်အောင်ဆိုပြီးတော့ လှုံ့ဆော်တဲ့ အနေနဲ့ ပရိသတ်ကို ပြောပြတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Ar-T

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ ဂီတကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် ကိုယ်ပိုင်ကား ဝယ်မစီးပဲ MTV တွေကို အမိုက်စား ရိုက်နေမိတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က