အနုပညာအလုပ်တွေ ပြန်လုပ်နေပြီ။

လှမျိုးသဉ္ဇာနွယ်က အနုပညာကြေးနည်းတာ များတာထက် အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရလာတဲ့အပေါ် ဝမ်းသာနေပြီလို့ဆိုပါတယ်။ 

Photo: Hla Myo Thinzar Nwe



သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီလို့ဆိုပါတယ်။ ရိုက်ကူးရေးအလုပ်တွေနဲ့ ဝေးကွာသွားခဲ့တဲ့ သူမဟာ ပိုးထည်ရောင်းရတာထက် ဇာတ်ကားရိုက်ရတာကို ပိုနှစ်သက်တယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ အစ်မကတော့ အနုပညာအလုပ်တွေ အရမ်းလုပ်နေရတဲ့ အချိန်မှာ စီးပွားရေးဘက်ကို ပြောင်းခဲ့တာဆိုတော့ အခက်အခဲမရှိဘူး။ အစ်မတို့ အနုပညာရှင်တွေက အနုပညာအလုပ်တွေကို ဘယ်လောက်ပဲ မလုပ်တော့ဘူးပြောပြော၊ အချိန်တန်ရင် အလုပ်လုပ်ချင်ကြတယ်။ ပြန်လုပ်တာကလည်း အနုပညာကြေး နည်းတာ များတာ ကြောင့်မဟုတ်ဘူး။ သရုပ်ဆောင် အလုပ် လုပ်နေရရင်ကိုပျော်တာ။ ဆိုင်မှာဆို အမြဲပြောတယ် ပိုးထည် တစ်ထည်၊ တိုက်ပုံ တစ်ထည်ရောင်းရတာထက် ဇာတ်ကား တစ်ရက် ရိုက်ရရင် သိပ်ပျော်တာပဲလို့ ပြောလေ့ရှိတယ်” ဆိုပြီးတော့ မေသန်းနု သာသနာ့ဘောင်ထဲ ဝင်တဲ့နေ့က အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Hla Myo Thinzar Nwe

လှမျိုးသဉ္ဇာနွယ်က အနုပညာအလုပ်ကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက တင့်တင့်ထွန်းဆီမှာ အကပညာကို လေ့လာဆည်းပူးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင် လောကထဲကို ဝင်ရောက်ပြီး (၁၀)စုနှစ်အကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ 

လက်ရှိ အနုပညာလောက အပေါ် သူမရဲ့ သဘောထားကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။ 

“ အနုပညာလောက ပြောင်းလဲမှု ဆိုတာ အခု ဇာတ်လမ်းတွဲတွေ ပေါ်လာတော့ ကောင်းတာပေါ့နော်။ အစ်မတို့ တွေ အလုပ်ရတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တယ်ဆိုတာ ချစ်လို့ပြန်လုပ်ချင်တာလေ။ အရွယ်လေးရှိတုန်းပေါ့နော်။ စီးပွားရေးကတော့ အသက်(၆၀)၊ (၇၀) မှာလုပ်လည်းရတယ်လေ။ လတ်တလောမှာ အလုပ်လုပ်နေကြတဲ့သူတွေက လက်တစ်ဆုပ်စာပဲ ရှိတာ ကျန်တဲ့သူတွေ အားလုံးက အလုပ်မရှိကြဘူး။ အကုန်လုံးက အနုပညာအလုပ်ကိုချစ်ပေမယ့် ရရာအလုပ်ကို ဝင်လုပ်နေကြရတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Hla Myo Thinzar Nwe

လှမျိုးသဉ္ဇာနွယ်ဟာ တစ်ချိန်တုန်းက အောင်မြင်တဲ့ မင်းသမီးချောချောလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာ မေးစေ့နှစ်ခွ၊ ဆံပင်ရှည်ရှည်၊ အရပ်အမောင်းကောင်းတဲ့ မင်းသမီးဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်း ဆယ်စုနှစ် နှစ်စုကျော်ကို ရောက်ရှိလို့လာပါပြီ။

လှမျိုးသဉ္ဇာနွယ် ကိုတော့ ဗီဒီယို ဇာတ်ကားတွေ၊ တပ်မတော်အကျိုးပြု ဇာတ်ကားတွေ၊ ကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးသူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ ရပ်နားခဲ့ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သမီးလေး နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ရင်း ရွှေပိုးဧကရီပိုးထည်တိုက် နဲ့ ရွှေပိုး တိုက်ပုံ စတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က