ဖေဖော်ဝါရီလ အတွင်းမှာရိုက်ကူးသွားမှာပါ။

ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ပိုင်တံခွန် နဲ့ ဖွေးဖွေး တို့ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကို ပထမဆုံးအကြိမ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ အတွင်းမှာ ရိုက်ကူးပုံဖော်သွားမှာပါ။ 

“ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ရှိ အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ ဖွေးဖွေး နဲ့ ယွန်းဝတီလွင်မု်းတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ 



ဒီဇာတ်ကားထဲမှာတော့ ဖွေးဖွေးကို ရွှေအရမ်းကြိုက်တဲ့ တောသူဌေးမလေး ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရဦးမှာပါ။ ရွာဟာသဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ သူမအနေနဲ့ ဒီဇာတ်ကားကို လက်ခံဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဒီဇာတ်ကားထဲမှာ ရွှေဖူးစာဆိုတော့ ရွှေတွေလည်းပါတယ်။ ရွေးရွေးရင်က ရွှေကြိုက်တဲ့တောသူဌေးပုံစံပေါ့။  ဇာတ်ကားကိုလက်ခံလိုက်တာကလည်း အရင်တုန်းကဖွေးက ရွာဟာသကားတွေရိုက်တာများတော့ ဒရာမာဘက်ကို ရိုက်လိုက်တယ်။ အခုကျတော့လည်း ပရိသတ်ကို ရင်ထဲမှာ တစ်လှည့်ပြန်ပြီး တော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ပြန်ရယ်စေချင်တဲ့အတွက် ဒီဇာတ်ကားလေးကို ရိုက်ကူးလက်ခံဖြစ်လိုက်တာ” လို့ သူကဆိုပါတယ်။ 

ပိုင်တံခွန်ကလည်း “ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူ့ အတွက် တော့ ဖွေးဖွေးနဲ့ ပထမဆုံးအတူတွဲရိုက်ကူးခွင့်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကို ကျွန်တော်အရမ်းသဘောကျတယ်။ မဖွေးနဲ့ကလည်း ဒါ ကျွန်တော် ပထမဆုံးရိုက်တဲ့ဇာတ်ကားပေါ့နော်။ ဒီဇာတ်ကားအတွက် ကျွန်တော် ဆံပင်ညှပ်ထားသေးတယ်။ မဖွေးက ကျွန်တော့်ကို သင်ပေးတာတွေလည်းရှိတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက “ရွှေဖူးစာ” ရုပ်ရှင်ကားကြီးကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ယွန်းဝတီလွင်မိုးကလည်း မြတ်နိုးမေ ဆိုတဲ့ ကောင်မလေးကာရိုက်တာနဲ့ “ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ သူမရဲ့ ကာရိုက်တာကိုလည်း မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။ 

“ဒီဇာတ်ကားထဲမှာ ညီမရဲ့ ကာရိုက်တာက မြတ်နိုးမေပါ။ သူက အပြင်ကာရိုက်တာနဲ့ နည်းနည်းဆင်တယ်။ Beauty with the brain ပေါ့နော်။ အရမ်း Smart ဖြစ်တယ်။ ယဉ်ယဉ်လေးနဲ့ စွာတဲ့ ကောင်မလေး ကာရိုက်တာပေါ့နော်။ ခေးက ဟာသတော့ သိပ်မလုပ်ရဘူး။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ Story တစ်ခုတည်းမှာတော့ လိုက်သွားရတာပေါ့" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလအတွင်းရိုက်ကူးမှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ ကလော မြို့တွေမှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ 






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က