စားချင်တိုင်းမစားရတော့ ဝမ်းနည်းနေတယ်တဲ့။

ပရိသတ်တွေရဲ့ အချစ်တော်လေး မေမီကိုကိုက “Player” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာပါ။ သူမရဲ့ ကာရိုက်တာအတွက် ဘယ်လိုတွေ ကြိုးစားနေလဲဆိုတာလည်း ပြောပြခဲ့ပါသေးတယ်။

 

Photo : မေမီကိုကို

မေမီကိုကိုကတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “Player” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ သူမအနေနဲ့ ဒီဇာတ်ကားမှာ အလှမယ်တစ်ယောက်အဖြစ် ပါဝင်ရမှာ ဖြစ်လို့ သူမရဲ့ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေရသလို ဝိတ်လည်း ချနေရတယ်လို့ ဆိုပါတယ်။

“Player ဆိုတဲ့ ဇာတ်ကားမှာ Miss တစ်ယောက် ဖြစ်ချင်နေတဲ့ ပြိုင်ပွဲဝင်ကောင်မလေး တစ်ယောက်အနေနဲ့ ပါဝင်ရမှာပါ။ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ သွယ်အောင် လုပ်ဖို့လိုတယ်။ အဲဒါကြောင့် အစားတွေ လျှော့ပြီး လေ့ကျင့်ခန်းတွေ လုပ်နေရတယ်” လို့ ဆိုပါတယ်။

Photo : မေမီကိုကို

အစားအသောက်မတ်တဲ့သူမအဖို့ ဝိတ်ချရတာဟာ အရမ်းကို ခက်ခဲသလို အရမ်းလည်း ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“အခက်အခဲတွေရှိတယ်။အစားအသောက် ဆင်ခြင်ရတယ်။ မေမီက အစားအသောက် အရမ်းမတ်တဲ့ သူဆိုတော့ ဆင်ခြင်ရတယ် အရမ်းတော့ ဝမ်းနည်းတယ်။ဒါပေမယ့် ကာရိုက်တာအရဆိုပြီး ထိန်းလိုက်ရင်တော့ နေနိုင်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်လေးက အဲ့ဒါလေး ဖြစ်မယ်ထင်တယ်” ဆိုပြီး ရယ်ရယ်မောမောလေးနဲ့ ပြောပြခဲ့ပါတယ်။

Photo : မေမီကိုကို

မေမီကိုကိုဟာ Player ဇာတ်ကားမှာ ထွန်းထွန်းနဲ့ အိမ်က သဘောတူထားတဲ့ ကောင်မလေးနေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ သူမအနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်တာကြောင့်ပရိသတ်တွေလည်း အားပေးဖို့အတွက် တောင်းဆိုထားပါသေးတယ်။

‘’Player’’ ရုပ်ရှင်ဇာတ်ကားကြီးကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ကရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကို နဲ့ ဆောင်းဝတ်ရည်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါတယ်။

မေမီကိုကို ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲ နဲ့Star Awards ဆုတွေထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားသူပါ။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က