ဧပြီလ ၃ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။

နီနီခင်ဇော်ရဲ့ ‘’Summer For You’’ ဆိုတဲ့ အခွေလေးကတော့ ဧပြီလ ၃ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။ ဒီအခွေထဲမှာတော့ သီချင်း ၄ ပုဒ် ပါဝင်ထည့်သွင်းထားပါတယ်တဲ့။

နီနီခင်ဇော်ရဲ့ ပထမဆုံးအကြိမ် ထုတ်လုပ်သွားမယ့် သင်္ကြန်အခွေဖြစ်တဲ့ ‘’Summer For You’’ ဆိုတဲ့ သီချင်းအခွေ မိတ်ဆက်ပွဲကို မတ်လ ၂၅ ရက်နေ့ က Fuji Café မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပထမဆုံး သင်္ကြန်အခွေလေးအပေါ် သူ့ရဲ့ ရင်ခုန်သံတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ သင်္ကြန်သီချင်းအခွေတွေကတော့ နောက်ပိုင်းမှာ သိပ်မထွက်ဖြစ်ကြတော့ဘူးပေါ့နော်။ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်တုန်းကဆို သင်္ကြန်သီချင်းတွေ အများကြီးထွက်ကြတယ်။ မဏ္ဍာပ်မှာဆိုတယ်၊ အဆိုတော်တွေလည်း အများကြီး ပါကြတယ်ပေါ့နော်။ အခုကျတော့ မထွက်ကြဘူး။ အဲဒါကြောင့် နီနီတစ်ယောက်တည်း နိုင်သလောက် သီချင်းတွေ လုပ်ထားတယ်။ သီချင်း ၄ ပုဒ် Mini Album မှာ ပါဝင်ထည့်သွင်းထားပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် မတ်လ ၂၆ ရက်နေ့မှာတော့ ပရိသတ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ Summer ဆိုတဲ့ သီချင်းလေးကို မိတ်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီအခွေထဲမှာလည်း သီချင်းဟောင်းလေးတွေ ထည့်ဖြစ်ပုံကို မတ်လ ၂၅ ရက်နေ့က ‘’Summer For You’’ အခွေ မိတ်ဆက်ပွဲမှာ ပြောခဲ့တာပါ။

‘’ဒီအခွေထဲမှာလည်း သီချင်းဟောင်းလေး တစ်ပုဒ်ကို အက တွေနဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ အရင်တုန်းက သီချင်းဟောင်းတွေက တကယ်လည်း အနှစ်သာရရှိတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ Summer ဆိုတဲ့ သီချင်းလေးကို နီနီ့ရဲ့ Page မှာ တင်ပါမယ်။ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်က နွေရာသီမှာ ချွေးတွေဘယ်လောက်ပဲကျနေပါစေ ကကြမယ်။ နွေဟာ အားလုံးရဲ့ ပါတီ။ အားလုံးပျော်ရွှင်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လုပ်ထားကြတယ်။ တကယ်တမ်း ချွေးတွေထွက်တော့လည်း မကနိုင်ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောလာပါတယ်။

Photo: Ni Ni Khin Zaw

‘’Summer For You’’ အခွေကိုတော့ April လ ၃ ရက်နေ့က စပြီး Bo Bo Music Production ကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိသွားမယ်လို့ နီနီခင်ဇော်က ပြောပါတယ်။ နွေရာသီရဲ့ အငွေ့အသက်တွေနဲ့ သင်္ကြန်အချိန်အခါမှာ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သီချင်းမြူးမြူးလေးတွေပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ 

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က