စရိုက် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင်တွေ့ရတော့မှာပါ။
Sabal Thwin

ကျော်ထက်အောင်ကိုတော့ ‘’စရိုက်’’ ရုပ်ရှင်ကားထဲမှာ ပရိသတ်တွေ မြင်ဖူးနေကြ မဟုတ်တဲ့ စပယ်ယာ တင်မောင်ဝင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ ထူးထူးခြားခြား မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

Photo: စရိုက်

ကျော်ထက်အောင်က မေလကုန်မှာ ရုံတင်ပြသသွားမယ့် ‘’စရိုက်’’ရုပ်ရှင်ဇာတ်ကားထဲက စပယ်ယာ ကာရိုက်တာအကြောင်းပြောပြလာပါတယ်။ သူ့ရဲ့ ကာရိုက်တာ နာမည်ကတော့ တင်မောင်ဝင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ စပယ်ယာဆိုတာကို Carrier တစ်ခုလောက်ပဲ ပြထားတာပေါ့နော်။ ဒီအလုပ်တစ်ခုလုပ်တယ်ပေါ့။ စပယ်ယာဘယ်လိုလုပ်တယ်ဆိုတာကိုတော့ မပြထားပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ စပယ်ယာအခန်းတွေကတော့ အများကြီးပါမှာ မဟုတ်ပါဘူး’’ လို့ ‘’စရိုက်’’ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: စရိုက်

အရပ်ရှည်ရှည် အသံမာမာနဲ့ ဖြစ်တာကြောင့် စပယ်ယာ ကာရိုက်တာက ကျော်ထက်အောင်အတွက်တော့ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အတွေ့အကြုံမများသေးတဲ့ အချိန်မှာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကား တစ်ကားပါတဲ့။

‘’ဂလန်ဂလားနဲ့ BM မှာ စပယ်ယာလုပ်ရတယ်ဆိုတာ အဆင်တော့ မပြေဘူးပေါ့။ အထဲမှာစီးရင်တောင် ကုန်းပြီး စီးရတာ၊ ထိုင်တာတောင် ကုန်းပြီးထိုင်ရတာ။ အော်တာက အစ အဆင်မပြေဘူးလေ။ စပယ်ယာအသံပေါက်အောင် အော်ရတာပေါ့။ ကွမ်းတွေလည်း စားရတာပေါ့။ ဒီကာရိုက်တာ မလုပ်ရသေးခင် အရှေ့မှာ ကြတ်ဂူရယ်၊ သူငယ်ရယ် ပြီးတော့ စရိုက် ကို တန်းရိုက်ရတာလေ။ ဒါကြောင့် သင်ကြားပြသမှုတွေအောက်မှာပဲ သေချာ ကြိုးစားခဲ့ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: စရိုက်

‘’စရိုက်’’ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ကျော်ထက်အောင်နဲ့ ခိုင်သင်းကြည်တို့က ချစ်သူ၊ လင်မယားပုံစံနဲ့ မြင်တွေ့ရမှာပါ။ ဒါကြောင့် ဒီဇာတ်ကားရိုက်နေချိန်မှာ ခိုင်သင်းကြည်ရဲ့ သင်ကြား ပြသမှုတွေကြောင့်လည်း အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ မခိုင်လေးရဲ့ သင်ကြားပြသမှု၊ မခိုင်လေးရဲ့ ပံ့ပိုးပေးမှု၊ ဒါရိုက်တာ သြရသရဲ့ သင်ကြားပေးတာ၊ ဆုံးမပေးတာတွေ၊ အောင်ခေတ်မင်းရဲ့ လမ်းညွှန်မှုတွေပေါ့နော်။ အဲဒီနောက်မှာပဲ ကျွန်တော် အကောင်းဆုံးလုပ်သွားတာပါဗျ။ ဇာတ်ကားထဲက တင်မောင်ဝင်းဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ တင်မောင်ဝင်းဖြစ်အောင်လို့လည်း အရမ်းကြိုးစားထားပါတယ်’’ လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: စရိုက်

စရိုက်ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ကျော်ထက်အောင်၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က