သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

ပိုးမမှီသာကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံပေါ်ရောက်ပြီး တစ်ပတ်ကြာမှာ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတဲ့အပေါ် သူမရဲ့ ခံစားချက်တွေ ပြောပြလာပါတယ်။ 

Photo: Poe Mamhe Thar



စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဟာ လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လ(၅) ရက်နေ့က ရုံတင်ပြသနေစဉ် တစ်ပတ်အကြာမှာတော့ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး အနေနဲ့ ရုပ်ရှင်ရုံတွေ ပိတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ပိုးမမှီသာက သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာ အခုလို အခက်အခဲမျိုးနဲ့ ကြုံတွေ့ရတဲ့အပေါ် ရင်ထဲက ခံစားချက်တွေ ပြောပြလာပါတယ်။ 

“ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားက ညီမအတွက်တော့ အချိန်ရော၊ လူရော၊ ကြိုးစားအားထုတ်မှုတွေရော ၁၀၀ရာခိုင်နှုန်းကြိုးစားပြီးတော့ရိုက်ထားတာ ဖြစ်တဲ့အတွက် ဒီဇာတ်ကားလေး ရုံပေါ်ရောက်သွားတဲ့ အချိန်တုန်းကလည်း ညီမ အရမ်းပျော်တယ်။ ကိုယ်က အခုမှ သရုပ်ဆောင်တစ်ယောက်စလုပ်တဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ရုံပေါ်မှာ ကိုယ့်ရဲ့ ဇာတ်ကားလေးရှိနေတယ်ဆိုတဲ့ အရသာကို တစ်ပတ်လောက်ပဲခံစားရပြီး ပိတ်သွားတော့ နှမြောတသဖြစ်မိတယ်” လို့ သူကဆိုပါတယ်။ 

Photo: Poe Mamhe Thar

“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုပြီးတဲ့ ပရိသတ်တွေရဲ့ အကြံပြုချက်တွေကိုလည်း ပိုးမမှီသာက နားထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အသံကို နားထောင်ရင်း ပျော်နေတဲ့ အချိန်မှာ ဆက်ပြီး နားထောင်ခွင့်မရတော့ဘူးဆိုတော့ စိတ်လည်းမကောင်းဘူး၊ အရမ်းလည်း နှမြောသွားတယ်။ ဒီဇာတ်ကားကို ပြန်ကြည့်ချင်ပေမယ့် အားလုံး အန္တရာယ်ကင်းမှ ပြန်ကြည့်ခွင့်ရတာ အကောင်းဆုံးပါပဲ။ အကယ်၍ ရောဂါတွေ ကင်းရှင်းသွားပြီးတော့ ရုပ်ရှင်ရုံမှာ ပြန်ကြည့်ခွင့်ရပြီဆိုတဲ့အခါကျရင် ညီမရဲ့ ဇာတ်ကားလေးကို ရုပ်ရှင်ရုံပေါ်မှာ မြင်ချင်ပါသေးတယ်။ ညီမကိုယ်တိုင်ကလည်း ဒီဇာတ်ကားလေးကို သွားကြည့်ချင်ပါသေးတယ် ပြန်ကြည့်ခွင့်ရဖို့အတွက်လည်း မျှော်လင့်နေပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Poe Mamhe Thar

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာ များစွာတို့ကို ရိုက်ကူးနေရသူဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က