သမီးလေးနဲ့ အတူတူ လုပ်ချင်တဲ့အရာတွေ အများကြီးပဲ။
Sabal Thwin

ဆန်းသစ်လကတော့ သူမရဲ့ ပထမဆုံး ရင်သွေးလေးက သမီးလေး ဖြစ်တာကြောင့် သမီးလေးနဲ့ ပတ်သက်ပြီး စိတ်ကူးပုံဖော်ထားတဲ့ အရာတွေကို ပြောပြလာပါတယ်။ 

Photo: San Thit La

သရုပ်ဆောင် ဆန်းသစ်လကတော့ သူမရဲ့ ပထမဆုံး ရင်သွေးလေးက သမီးလေး ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီလို့ဆိုပါတယ်။ သူမဟာ အရင်ကတည်းက သမီးလေး လိုချင်တဲ့ သူဖြစ်တာကြောင့် ဆန္ဒတွေ တကယ်ဖြစ်လာပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သမီးလေး ဆိုတာကို ကိုယ်ဝန် အပတ်(၂၀) မှာသိရတာပါ။ အခုဆိုရင် ကိုယ်ဝန်က ၂၂ ပတ် ရှိပြီ။ သမီးဦး လေးဖြစ်တယ်ဆိုတော့ ပိုပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ညီမကိုယ်တိုင်ကလည်း မိန်းကလေးဖြစ်သလို အမေကလည်း ညီမကို သမီးဦး အနေနဲ့မွေးတာဆိုတော့ သမီးလေးကို ချစ်တဲ့ စိတ်က အစကတည်းက ရှိတယ်။ အခုလည်း သမီးလေးဆိုတော့ အရမ်းပျော်တယ်” လို့ သူကဆိုပါတယ်။ 

Photo: San Thit La

ဆန်းသစ်လကတော့ ဗိုက်ထဲမှာ ရှိနေတဲ့ သမီးလေးအတွက် သူ စိတ်ကူးထားတဲ့ အရာလေးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ သမီးလေးရဲ့ ဝါသနာကို မိခင်တစ်ယောက်အနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့လည်း သူကပြောပါတယ်။ 

“ သူ့အတွက် ပုံဖော်ထားတာကတော့ အများကြီးပါပဲ။ သူ့ကို ဘယ်လို ပြုစုမယ်၊ စောင့်ရှောက်မယ်၊ လူကောင်းလေး တစ်ယောက်ဖြစ်အောင် ဘယ်လို သွန်သင်ပေးမယ် ဆိုတာမျိုးတော့ စဉ်းစားထားတာတွေ အများကြီးပဲရှင့်။ သူ ဒီလောကထဲ မရောက်သေးခင်ကတည်းက စဉ်းစားထားတာတွေရှိတယ်။ သမီးလေး အရွယ်ရောက်လာရင် သူနဲ့ အတူတူ လုပ်ချင်တဲ့အရာလေးတွေ၊ သူဖြစ်ချင်တဲ့ ဝါသနာလေးတွေ ကို ပံ့ပိုးပေးမယ်ဆိုတာကို စဉ်းစားထားတာတွေ အများကြီးပဲ။ သူ အနုပညာအလုပ်လုပ်ချင်တယ်ဆိုရင်လည်း ညီမက ပံ့ပိုးပေးသွားဖို့ အဆင်သင့်ပါပဲ” လို့ ပြောပါတယ်။

Photo: San Thit La

ဆန်းသစ်လကတော့ သူမရဲ့ ရင်သွေးလေးကို ပညာရေးမှာလည်း ထူးချွန်အောင် ပံ့ပိုးပေးသွားဖို့ စိတ်ကူးထားတယ်လို့လည်း ပြောပါတယ်။ သမီးလေး တက်ဖို့ ကျောင်းကိုတောင် အခုကလည်းက စဉ်းစားနေပြီလို့လည်း သူကဆိုပါတယ်။ 

“ အခုကတည်းက သမီးလေးကို ထားမယ့် ကျောင်းကို စဉ်းစားထားတယ်။ ညီမက မြန်မာမိန်းကလေးဖြစ်တာ ကြောင့် မြန်မာကျောင်းမှာထားချင်တယ်။ မိန်းကလေးကျောင်းမှာ ထားချင်တယ်။ သမီးလေးကို လိမ္မာရေးခြားရှိပြီး ဘာသာတရားလည်း သိတတ်အောင်၊ မိဘအပေါ် သိတတ်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်စေချင်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားထားတာတော့ အများကြီးပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: San Thit La

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က