ကိုယ့်ယောကျ်ားအကြောင်း ကိုယ်သိတယ်။

ရွှေထူးနဲ့ အတူဇာတ်ကားတွေ အများကြီးရိုက်ဖြစ်မှာ မဟုတ်ကြောင်း ရွှေမှုန်ရတီက ပြောလာပါတယ်။ ရွှေထူးနဲ့လိုက်ဖက်မယ့် ဇာတ်ရုပ်တွေရှိရင်လည်း အကောင်းဆုံး အကြံပေးဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ရွှေမှုန်ရတီက ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ ဇာတ်ကားတွေ သိပ်ရိုက်ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ကိုယ့်ခင်ပွန်းအကြောင်း ကိုယ်သိလို့ မရိုက်ဖြစ်သေးတာလို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။

‘’ အဲဒါကတော့ နည်းနည်းရှားမယ်ထင်တယ်။ ညီမက လင်မယားဆိုတော့ နှစ်ယောက်တွဲဇာတ်ကားတွေ သိပ်မရိုက်ချင်ဘူး။ ယောကျ်ားနဲ့က တချို့ဟာလေးတွေ မချပြချင်တာရှိတယ်။ အဲဒါကြောင့် နည်းနည်း Secret သဘောလေးပေါ့။ သူက မိန်းမနဲ့ အိုက်တင်လုပ်ရမှာ နည်းနည်းရှက်တယ်။ အဲဒါကြောင့် သူနဲ့သရုပ်ဆောင်မယ့် ဇာတ်တွေဆို တော်တော်လေးရွေးပြီးမှာ သရုပ်ဆောင်မှရမယ်။ ကိုယ့်ယောကျ်ားအကြောင်း ကိုယ်သိတယ်လေ။’’လို့ သူကဆိုပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူတွဲသရုပ်ဆောင်ထားတာကတော့ ‘’ဧည့်သည်’’ ဆိုတဲ့ရုပ်ရှင်ကား တစ်ကားပဲရှိပါသေးတယ်။ လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေ့ရင်တော့ အကောင်းဆုံးကြိုးစားမယ်လို့ ရွှေမှုန်ရတီက ဧပြီလ ၇ ရက်နေ့က Huawei P 30 Event မှာဖြေဆိုခဲ့တာပါ။

‘’ ဒါကတော့ ထုတ်လုပ်သူတွေနဲ့ဆိုင်တာပေါ့နော်။ သူတို့ရွေးတဲ့ဇာတ်ရုပ်နဲ့ လာကမ်းလှမ်းမယ်၊ ဒါကလည်း သူတို့လက်ထဲမှာပဲရှိတာဆိုတော့ သူတို့ဆီက ချပြလာမှ ဘယ်ဇာတ်ရုပ်ကိုမဆို ကိုယ်တွေက ပြန်ပြီးတော့ ရွေးလို့ရတယ်။ လိုက်တယ် မလိုက်ဘူးဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ သဲတို့က သဲတို့လက်ထဲရောက်လာတဲ့ ဇာတ်ကို အကောင်းဆုံးသရုပ်ဆောင်မယ်’’ လို့ သူကဆိုပါတယ်။

ခင်ပွန်းဖြစ်သူ ရွှေထူးကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်အပေါ်မှာလည်း အကြံပေးတာမျိုးတွေရှိတယ်လို့ ရွှေမှုန်ရတီက ပြောပါတယ်။

‘’ ကိုရွှေထူးနဲ့လည်း သူလက်ထဲကို ရောက်လာတဲ့ဇာတ်ရုပ်တွေဆိုရင် သဲကြည့်ပေးတယ်။ သဲ အနုပညာသက်တမ်းနဲ့ သဲနားလည်သလောက်အထိ သူ့ကို ပြောပြပေးတယ်။ ဒီဇာတ်ရုပ်ကတော့ မလိုက်ဖက်ဘူး၊ ဒီဇာတ်ရုပ်ကတော့ မသင့်တော်ဘူး။ ယောကျ်ား ဘယ်လိုလုပ်ချင်သလဲ၊ သူလုပ်ချင်တာလေးကို ပြောပြတယ်၊ သူလုပ်ချင်တယ်ဆိုလုပ် ကိုယ်ကတော့ အကြံပေးရုံပဲ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက ၆ လထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။



က္က