သရဲခြောက်တာတော့ အရမ်းကြမ်းတယ်။

အိန္ဒြာကျော်ဇင်က “ကြိုးဖုန်း”ရုပ်ရှင်ကားကြီးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ပြောပြလာပါတယ်။ သရဲခြောက်တာ ကြမ်းကြမ်းလေးကိုမှ သဘောကျတဲ့ ပရိသတ်တွေအတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

Photo: Li John



အိန္ဒြာကျော်ဇင် ကတော့ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “ကြိုးဖုန်း”ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းပြောပြလာပါတယ်။ ဒီဇာတ်ကားကိုတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပါ။ ထိတ်လန့်ခြောက်ခြားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေ ပြောပြလာပါတယ်။

“ ဒီဇာတ်ကားကတော့ Horror အမျိုးအစားဖြစ်တယ်။ ဒီဇာတ်ကားထဲမှာ သရဲခြောက်ပုံ ခြောက်နည်းက အရမ်းကြမ်းတယ်။ ပင်ပန်းတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာလေးတွေတော့ ရှိတာပေါ့နော်။ ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲသွားတာတို့ ရိုက်ရတာဆိုတော့ အဲဒါတွေရိုက်ရတာ ခက်ခဲတယ်။ ပင်ပန်းတယ်။ သရဲကားဆိုတော့ ညဘက်တွေ ရိုက်ရတာများတယ်။ မိုးလင်းပေါက်တွေရိုက်သွားရတာ များတယ်”ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညက “ကြိုးဖုန်း” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyoe Phone

အိန္ဒြာကျော်ဇင်ဟာ အနုပညာအလုပ်တွေ လုပ်လာတဲ့ အတွေ့အကြုံအရ သရဲကြောက်တတ်တဲ့ စိတ်တောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

“ အစ်မက သရဲ အရမ်းမကြောက်တတ်ဘူး။ မင်းသမီးစဖြစ်ကတည်းက ခရီးတွေ နယ်တွေသွားပြီးရိုက်ရတာကိုး။ အဲဒီအခါကျရင် အစ်မ အမေပါတယ်၊ မိတ်ကပ်သမားပါတယ်၊ အစ်မထက် အမေ နဲ့ မိတ်ကပ်သမားက ပိုကြောက်တယ်။ သူတို့ကို အစ်မက ပြန်ဖြေသိမ့်နေရင်း၊ အားပေးရင်းနဲ့ ကိုယ်က မကြောက်တတ်တော့ဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

Photo: Li John

ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားတွေ ရိုက်လာရတဲ့ သူမအတွက်တော့ သရဲခြောက်တာ ဘယ်လို ပုံစံမှန်းတော့ မခံစားမိတော့ဘူးလို့လည်း အိန္ဒြာကျော်ဇင်က ရယ်ရယ်မောမော နဲ့ ပြောပြခဲ့ပြန်ပါသေးတယ်။

“ ကိုယ်တိုင်ကလည်း သရဲအခြောက်မခံဖူးဘူး။ ကိုယ်က မကြောက်လို့လား ခြောက်လို့ ခြောက်နေမှန်းပဲ မသိတာလားလည်း မပြောတတ်ဘူးပေါ့။ သိသိသာသာကြီး သရဲခြောက်တာမျိုးတော့ တစ်ခါမှ မခံဖူးဘူး။ ဒီဇာတ်ကားကတော့ သရဲခြောက်တာ ကြမ်းတယ်ပေါ့နော်။ ခပ်ကြမ်းကြမ်း သရဲခြောက်တာကို ကြိုက်တဲ့သူတွေ အတွက်တော့ အကြိုက်တွေ့မယ်ထင်တယ်” လို့ ဆိုပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က