ချစ်သူလေးကလည်း ကျွန်တော့်ကို ချစ်တယ်။
Sabal Thwin

ထွန်းထွန်းက အချစ်ရေးမှာ ထပ်တူကျတဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် ကံကောင်းတယ်လို့ဆိုပါတယ်။ အသက် ၃၀ ကျော်အရွယ်မှာ ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြလာခဲ့ပါသေးတယ်။

Photo: Htin Aung Tun

ထွန်းထွန်းကတော့ ချစ်သူရှိတဲ့အကြောင်းကို ပရိသတ်ကို အသိထားပြီးသားဖြစ်ပါတယ်။ လက်ရှိမှာလည်း သူပိုင်ဆိုင်ထားတဲ့ အချစ်ရေးက ကံကောင်းတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော့်ကို ဘယ်လိုမြင်ကြသလဲတော့ မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော် နေတတ်တဲ့အတိုင်း နေပါတယ်ခင်ဗျ။ Ro တယ် မRo ဘူးဆိုတာတော့ မပြောတတ်ပါဘူး။ အဓိက ကတော့ ကျွန်တော် ပျော်တယ်။ စိတ်ချမ်းသာတယ်။ ကျွန်တော်ချစ်ရတဲ့သူကို ကျွန်တော်ချစ်တယ်။ သူကလည်း ကျွန်တော့်ကို ချစ်တယ်။ ဒါပါပဲ ရိုးရိုးလေးပါပဲ။ ကျွန်တော်က တစ်ယောက်တည်း သမားလည်းဖြစ်တော့ သံယောဇဉ်ဖြစ်ပြီဆိုရင် သံယောဇဉ်ဖြစ်တဲ့သူကို အရမ်းချစ်တတ်ပါတယ်။ သူကလည်း ကျွန်တော့်ကို ပြန်ချစ်တော့ ကျွန်တော် ကံကောင်းတာပေါ့’’ လို့ ဆိုပါတယ်။

Photo: Htin Aung Tun

သူဟာ ငယ်ရွယ်စဉ်အခါက ထားခဲ့ဖူးတဲ့ အချစ်ရေးတွေထက် အသက် ၃၀ ကျော်အရွယ်မှာ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးအပေါ် ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ငယ်ငယ်ကဆိုရင် အချစ်ဆိုတာကို ခေါင်းစဉ်တပ်မိမှာ။ ၃၅ နှစ်၊ ၃၆ နှစ်အရွယ်ထဲ ဝင်လာပြီဆိုတော့ အဲဒါကို ခေါင်းစဉ်တပ်ရမယ့် အရွယ်မဟုတ်တော့ဘူးလို့ထင်တယ်။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်တယ်။ ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နေတယ်ပေါ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်က ‘’ Player’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htin Aung Tun

ထွန်းထွန်းရဲ့ မိဘတွေကိုယ်တိုင်ကလည်း အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အကြုံပြုနေတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်လျှောက်နေတယ်လို့ ထွန်းထွန်းက ပြောပါတယ်။

‘’ အိမ်မှာတော့ အဖေက အိမ်ထောင်ဦးစီးပေါ့။ ကျွန်တော်ကတော့ အခု ကျွန်တော့် ဆုံးဖြတ်ချက်တွေနဲ့ပဲ အလုပ်တွေ လုပ်နေတာပေါ့။ ဘယ်ကိစ္စကိုမှလည်း မကောင်းဘူး ကောင်းတယ် မပြောသလို ဘယ်အရာကိုမှ မလုပ်ရဘူး လုပ်ရမယ်ဆိုတာမျိုးတွေလည်း မပြောပါဘူး။ တကယ်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ အလုပ်တွေ လုပ်တာပါ။ အဖေရော အမေ ရောကလည်း ကျွန်တော့်ကို အများကြီးနားလည်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Htin Aung Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က