သူမက ဒေါက်တာဘွဲ့ယူဖို့ စာကြိုးစားနေပါတယ်။
Sabal Thwin

ခင်သဇင်ဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို ဒေါက်တာဘွဲ့ယူဖို့အတွက်ကိုလည်း စာတွေ ကြိုးစားနေပါတယ်တဲ့။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ အချစ်ထက် ပြည်သူတွေရဲ့ အသက်ကို ကယ်ဖို့ကြိုးစားမယ်လို့ဆိုပါတယ်။

Photo: ခင်သဇင်

ခင်သဇင်က အခုလက်ရှိမှာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို ဒေါက်တာဘွဲ့ယူဖို့အတွက်ကိုလည်း ကြိုးစားပြီး ပညာသင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမ တက်တဲ့ပညာနဲ့ ပြည်သူတွေကို ကယ်ချင်တယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ သဇင်တို့ အတန်းထဲမှာ လွှတ်တော်အမတ်ပါတယ်။ သူဆို တိုင်းပြည်အတွက်အလုပ်လုပ် နေတာလေ။ သဇင်ကမှ သဇင့်အတွက် မိသားစုနဲ့ ပရိသတ်အတွက်ပဲရှိသေးတာ။ သူက တစ်တိုင်းပြည်လုံးအတွက် သဇင့်ထက်ပိုပြီး Level မြင့်တယ်။ အဲဒီ Level ကို ကိုယ်သွားချင်တယ်။ ပရိသတ်လည်းချစ်ရမယ်၊ ပြည်သူလည်းချစ်ရမယ်ဆိုရင် ဘယ်လောက်ကောင်းလဲ။ ကိုယ်က ကြီးကြီးမားမား ပညာတတ်ထားရင် ကိုယ်လုပ်ချင်တဲ့အရာတွေ အများကြီးမှာ Supporting ဖြစ်မယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်ထက် ပြည်သူကို ကယ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ကြိတ်ပြီး ကြိုးစားတယ်။ ဖြစ်သွားပြီဆိုမှ ခင်သဇင်ဖြစ်သွားပြီ ဆိုတာမျိုးကို လိုချင်တယ်’’ လို့ ဆိုပါတယ်။

Photo: ခင်သဇင်

သူမရဲ့ ဘဝမှာ ပညာရေးက အဓိက ကျတယ်လို့လည်း ခင်သဇင်က ပြောပါတယ်။ လက်ရှိသင်ကြားနေတဲ့ ပညာအပေါ် သူမရဲ့ ခံယူချက်ကိုလည်း အခုလို ရင်ဖွင့်ခဲ့ပြန်ပါသေးတယ်။

‘’ပညာသင်တယ်ဆိုတာက အပင်တစ်ပင်စိုက်ရသလိုပဲ အမြစ်ကတော့ ခါးမှာပဲလေ။ ဒါက ပရော်ဖက်ဆာတွေ သင်ပေးတဲ့ စကားပါ။ အမြစ်တိုင်း၊ ပင်စည်တိုင်းကတော့ ခါးတာပဲ ချိုတာ မရှိဘူး။ အသီးသီးလာမှချိုမယ်။ အပင်ရဲ့ အသီးကို စားရမယ်ပေါ့နော်။ အပွင့်ပွင့်လာမှ အပွင့်လေးက လှတယ်ဆိုတာကို ခံစားရမယ်။ ပညာသင်ချိန်၊ ပညာယူစဉ်အချိန်ကတော့ ခါးသီးတာပဲ။ ခါးသီးတဲ့ ဒဏ်ကို ဖြတ်ကျော်ပြီးရင်တော့ ချိုမြိန်တဲ့ အရာကို ခံစားရမယ်။ ခါးသီးတဲ့အရာကို ခါးစည်းပြီး ခံရမှာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: ခင်သဇင်

လက်ရှိမှာ ခင်သဇင်က ကျောင်းလည်းတက်နေရတာဖြစ်တဲ့အတွက် ရိုက်ကူးရေးတွေရှိရင် အချိန်ညှိပြီးကျောင်းတက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေရသလို ပညာရေးဘက်ကိုလည်း ဒီ့ထက်ပိုပြီး ကြိုးစားသွားမယ်လို့ပြောပါတယ်။

‘’ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရှုတင်ရှိရင် စနေ၊ တနင်္ဂနွေတော့ သဇင့်အခန်းတွေ မထည့်ဖို့တောင်းဆိုထားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းတက်ချင်တာပါ။ တချို့တွေကပြောတယ် မင်းသမီးဖြစ်နေပြီပဲ ကျောင်းမတက်ပါနဲ့တော့ပေါ့။ မင်းသမီးလုပ်ရင် စာမတက်ရဘူးလား။ မင်းသမီးလုပ်ရင်းနဲ့ ဒေါက်တာဘွဲ့ယူမယ်ဆိုတော့ ဖြစ်ချင်တာတွေ အရမ်းများမနေဘူးလားပေါ့။ တစ်သက်လုံး မင်းသမီးလုပ်သွားမယ်ဆိုရင်တောင်မှ ဒီနေရာမှာ ရပ်သွားမှာ မဟုတ်ဘူး’’ လို့ ဆိုပါတယ်။

Photo: ခင်သဇင်

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစု စောင့်ရှောက်ပေးနေသူ တစ်ဦးပါ။


ဆက်စပ်အကြောင်းအရာများ


က္က