ဘောလုံးသမားဖြစ်လို့ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။
Sabal Thwin

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ ကို ဘောလုံးသမားဖြစ်လို့ ရွေးချယ်လိုက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမ လိုချင်တဲ့ အရည်အချင်းတွေက အောင်သူ့ဆီမှာရှိတယ်လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Poe Ei Ei Khant



သရုပ်ဆောင်ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ အောင်သူကို ဘောလုံးသမားတစ်ယောက်ဖြစ်လို့ ရွေးချယ်လိုက်တာလားဆိုတဲ့ ဝေဖန်မှုတွေအပေါ် အခုလို ပြောပြလာပါတယ်။ သူမ လိုချင်တဲ့ အချက်တွေနဲ့ကိုက်ညီတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“ သူက အနေအေးတယ်၊ ရိုးသားတယ်၊ ယောကျ်ားလေးတစ်ယောက်က မချမ်းသာချင်နေပါစေ အလုပ်တစ်ခုခုရှိရမယ်၊ အလုပ်လုပ်ချင်စိတ်ရှိရမယ်။ လုပ်နေတဲ့အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရမယ်။ ကိုယ့်အပေါ်မှာ သစ္စာရှိရမယ်ပေါ့နော်။ သူကလည်း အဲဒီအချက်တွေနဲ့ သူက ပြည့်စုံတယ်။ ကိုယ့်ကံ ကိုက ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ရောက်လာတာပေါ့နော်” လို့ဆိုပါတယ်။ 

Photo: Poe Ei Ei Khant

အိမ်ထောင်ကျပြီးသွားပေမယ့်လည်း မကြာခင်ကျရောက်တော့မယ့် ချစ်သူများနေ့ နဲ့ ပတ်သက်ပြီးခင်ပွန်းဖြစ်သူ ရဲ့ စကားကြောင့် ပိုးအိအိခန့် တစ်ယောက် အရမ်းအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ သူ့ကို ဟိုတစ်နေ့ကကလေးအတွက် ဈေးသွားဝယ်ကြရင်း ကို ဗယ်လင်တိုင်းနေ့တောင် ရောက်တော့မယ်လို့ပြောတော့ ဖောင်း နဲ့ ဘာဆိုင်လို့လဲတဲ့။ အဲဒီလိုပြောလိုက်တော့ ဟုတ်ပါတယ်ပေါ့ ကိုယ်လည်း ကလေးအမေ ဖြစ်နေပြီ ဘာမှ မဆိုင်တော့ပါဘူးပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က Beauty Angle ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Poe Ei Ei Khant

ပိုးအိအိခန့်ဟာ အောင်သူနဲ့ ချစ်သူဘဝကတည်းက “ဗယ်လင်တိုင်းနေ့” နဲ့ ပတ်သက်ပြီးရင်ခုန်ခဲ့ရတာမျိုး မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းဖြစ်သူကြောင့်လည်း စိတ်ချမ်းသာစရာတွေနဲ့ ကြုံခဲ့ရတယ်လို့ သူကပြောပါတယ်။ 

“ချစ်သူများနေ့ရောက်တိုင်းလည်း သူရော ကိုယ်ရော ရင်ခုန်မိတာမျိုးမရှိဘူး။ ဘာမှလည်း ထွေထွေထူးထူး မခံစားရဘူး ချစ်သူဘဝကတည်းကပါ။ အဓိက က တစ်ယောက်နဲ့တစ်ယောက်က နေ့တိုင်း ကြင်နာနေတယ်။ ချစ်နေတယ်။ တစ်ယောက်လိုရင် တစ်ယောက်က ဖြည့်ဆည်းပေးနေတယ်။ ကလေးအတွက် လိုအပ်တာကို သူဝယ်ပေးတယ်၊ မိန်းမရဲ့ လိုအပ်တာကို သူဝယ်ပေးတယ်၊ အိမ်အတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတယ် ဒါတွေက ချစ်သက်လက်ဆောင်တွေပဲလေ။ ဒါကြောင့် ချစ်သူများနေ့အတွက်ဆိုပြီး သီးသန့်လက်ဆောင်ပေးစရာ မလိုဘူးပေါ့လေ” လို့ဆိုပါတယ်။ 

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က