အောင်ဆန်းရုပ်ရှင်မှာ ပါခွင့်ရတာ ပျော်တယ်။
Sabal Thwin

ဂဠုန်ဦးစော ကာရိုက်တာနဲ့ အောင်ဆန်းရုပ်ရှင် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်အတွက် ဆုပန်ထွာက ဘေးကနေ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ 


သရုပ်ဆောင် ဆုပန်ထွာဟာ အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် ခင်ပွန်းဖြစ်သူအတွက် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုဥက္ကာကျော် ပါဝင်ခွင့်ရတာနဲ့တင် ဂုဏ်ယူ ဝမ်းသာနေပြီလို့ Duwun ကို သူက ပြောပါတယ်။ 

" အစ်မ အခု ဂုဏ်ယူနေတယ်။ အနုပညာအရ ပေါ့နော် အရင်တုန်းကတော့ ယောင်္ကျား ဗီလိန်နေရာကြီး မရိုက်နဲ့ သဘောမတူဘူးပေါ့။ သူကတော့ သူ့ကိုကြည့်လိုက်ရင် ပျော်နေတာ အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ။ သူတို့ကို တူကြတယ် ပြောတာနဲ့တင် ပျော်နေတာ။ သူအရွေးမခံရခင်တုန်းက ပြောဖူးတာရှိတယ်။ ယောင်္ကျားကတဲ့ တူလို့ ရွေးချယ်ခံရပြီး ရိုက်ရလို့ရှိရင် ကိုယ်က တကယ့် ဂဠုန်ဦးစောမှ မဟုတ်တာတဲ့။ ပြီးတော့ ဒီဇာတ်ကားထဲမှာ သေသွားမယ့် ဗိုလ်ချုပ်အောင်ဆန်းကလည်း တကယ့်အစစ်မှ မဟုတ်တာ ဆိုပြီးတော့ သူကတော့ ကိုယ့်ကို ပြန်တောင် ပြောသွားသေးတာ။ ဒီဇာတ်ကားထဲမှာ သူပါဝင်ခွင့်ရတာနဲ့တင် ဂုဏ်ယူတယ်၊ ပျော်လည်း ပျော်တယ်။ ဂဠုန်ဦးစော ဖြစ်လာဖို့အတွက် ဘေးကနေ ပံ့ပိုးပေးသွားမှာပါ" လို့ သူက ဆိုပါတယ်။ 



Photo: Su Pan Htwar

အောင်ဆန်း ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာလူမင်း ပြောပြခဲ့တဲ့ ထူးခြားချက်ကို ဆုပန်ထွာက ပြန်လည်ပြောပြလာပါတယ်။ 

" အစ်မ ထင်တာကတော့ သူ အကျိုးအကြောင်း တိုက်ဆိုင်သွားလို့သာလျှင် သူ ရွေးချယ်ခံရတာလို့ အစ်မထင်ပါတယ်။ ရုပ်လေးလည်း ဆင်တယ်ပေါ့နော်။ အစ်မ အထင်တော့ ဗိုလ်ချုပ်ရုပ်ရှင်မှာ သရုပ်ဆောင် အသစ်တွေ သုံးတာ များတယ်။ အခုဆိုရင် သူတို့ကလည်း ကိုဥက္ကာကို အင်္ကျီတွေ ဝတ်ခိုင်းကြည့်တယ်၊ ဆံပင်တွေ ရိတ်ခိုင်းကြည့်တယ်၊ ပြီးတော့ ဦးစိုးမိုးကိုယ်တိုင်ကလည်း သေချာ မိတ်ကပ်တွေ ခြယ်လိုက်တော့ တော်တော်လေး ဆင်သွားတယ်၊ ကိုလူမင်းကပြောတယ် ဒီအောင်ဆန်း ရုပ်ရှင်က တော်တော်လေး ထူးခြားတယ်လို့ ပြောတယ်။ သူ့ဘာသာသူ အဆင်ပြေသွားတာတွေ အများကြီးရှိတယ်၊ ထူးဆန်းတယ်တဲ့။ ကိုဥက္ကာကိုလည်း ဘုရား၊ တရားပိုလုပ်ဖို့ ပြောပြတယ်" ဆိုပြီးတော့ ဇူလိုင် ၆ ရက်နေ့က စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 


Photo: Su Pan Htwar

ဂဠုန်ဦးစော ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဇူလိုင် (၃) ရက်နေ့က ကိုဥက္ကာကျော်ကို ပထမအဆင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ သေချာသွားပြီလို့ ဆုပန်ထွာက ဆိုပါတယ်။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။


Photo: Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က