ဝမ်းလည်း ဝမ်းသာတယ်။

ဒါရိုက်တာ ဏကြီးက ဇနီးချောလေး ပိုင်ဖြိုးသုရဲ့ ရင်ထဲက ခံစားချက်တွေကို ရေးထားတဲ့ စာတွေကြောင့် အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကြောင့်လည်း ဇနီးချောလေးရဲ့ အလုပ်ကို ထိခိုက်မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

Photo: Paing Phyo Thu



ဒါရိုက်တာ ဏကြီးကတော့ သူ ကိုရီးယားကို သွားနေတဲ့အချိန်မှာ ချစ်ဇနီးချောလေး ပိုင်ဖြိုးသုက သူနဲ့ပတ်သက်တဲ့ စာအရှည်ကြီးရေးသားထားတဲ့ခံစားချက်ကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖွင့်ပြောလာပါတယ်။

“ ကျွန်တော်က Facebook တွေ သိပ်သုံးလေ့ သုံးထ မရှိဘူးဆိုတော့ သူ့ကို ကျေးဇူးတင်ရမှာပေါ့။ ဝမ်းလည်း ဝမ်းသာတယ်။ သူ့ကိုလည်း ပိုချစ်တာပေါ့။ သူပြောသလိုပဲ ကျွန်တော်က သူလုပ်ချင်နေတဲ့အလုပ်တွေ အမြဲတမ်း နှောင့်နှေးမှာ စိုးတယ်။ တချို့ဇာတ်ကားတွေဆိုရင် မရိုက်နဲ့လို့ ဝင်ပြောချင်တာမျိုးရှိတယ်။ ဒါပေမယ့် သူ လုပ်သင့်တယ်ဆိုတဲ့ဟာကို လုပ်ပါစေဆိုပြီးတော့ လွတ်လပ်ခွင့်လေးပေးထားပါတယ်”လို့ သူကဆိုပါတယ်။

Photo: Paing Phyo Thu

ချစ်ရတဲ့ ဇနီးချောလေးအတွက် ကာရိုက်တာတွေကိုလည်း ကိုယ်တိုင်ရွေးချယ်ပြီးမှ ရိုက်ခိုင်းတယ်လို့ ဒါရိုက်တာ ဏကြီးကပြောပါတယ်။ မရိုက်ခိုင်းတဲ့ ဇာတ်ကားတွေလည်းရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့ညက “ဗိုလ်နေတိုး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ

“ တချို့ဆိုရင် ဇာတ်ညွှန်းတော်တော်မကြိုက်တဲ့ ဇာတ်ကားတွေဆိုရင်တော့ မရိုက်နဲ့ဆိုပြီးတော့ပြောဖြစ်တယ်။ ကာရိုက်တာလည်း မကြိုက်ဘူးဆိုရင် ဝင်တားဖြစ်တယ်။ သူ့အတွက် မကောင်းနိုင်လောက်တဲ့ ကာရိုက်တာမျိုး ဇာတ်ညွှန်းမျိုးဆိုရင်တော့ ဝင်ပြောဖြစ်ပါတယ်။ ကျန်တာကတော့ သိပ်မပြောဖြစ်ပါဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: RBV

ဒါရိုက်တာ ဏကြီးဟာ မကြာသေးခင်ကမှ တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ ASEAN Film Week 2019 ပွဲမှာ “ မီ” ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါသေးတယ်။ ပရိသတ်အားပေးမှုတွေ အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော် အမှန်အတိုင်းပြောရရင် မီရုပ်ရှင်က Soul မှာရော၊ ဘူဆန်မှာပါ ရုံပြည့်တယ်။ တောင်ကိုရီးယားလူမျိုးတွေကိုယ်တိုင်လည်း လာကြည့်ကြတယ်၊ မြန်မာတွေ လာကြည့်တာလည်း တော်တော်များတယ်။ ဘူဆန်မှာဆိုရင် မြန်မာလူမျိုး ကျောင်းတက်နေတဲ့သူတွေရော၊ အလုပ်လုပ်နေတဲ့သူတွေရော လာကြည့်တယ်။ လက်မှတ်မရလို့ စောင့်နေရတဲ့ ပရိသတ်တွေလည်းရှိခဲ့တယ်။ ကိုရီးယားလူမျိုး ပရိသတ်တွေဘက်ကလည်း အသိအမှတ်ပြုမှုလေးတွေ ကြုံခဲ့ရတယ်။ အဲဒီအတွက် တော်တော်လေးကို ကျေနပ်မိပါတယ်” လို့ သူကပြောပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးဟာ အောင်မြင်မှုရရှိနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပိုင်ဖြိုးသုကလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က