မျက်မှန်တွေ လှူဖို့ အစီအစဉ်ရှိပါတယ်။
Sabal Thwin

ယွန်းယွန်းကတော့ ပညာသင်နေတဲ့အချိန်မှာ မျက်စိအခက်အခဲကြုံနေရသူတွေအတွက် လိုအပ်တာတွေ လှူဒါန်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Ko Phone



သရုပ်ဆောင် ယွန်းယွန်းကတော့ သူမ စိတ်ကူးထဲက အလှူလေးအကြောင်းကို ပြောပြလာပါတယ်။ ပညာသင်နေရတဲ့အချိန်မှာ မျက်စိကျန်းမာရေး အခက်အခဲဖြစ်နေသူတွေကို ကူညီမယ်လို့ Duwun Media အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ညီမကိုယ်တိုင်က မိဘမဲ့ကလေးဂေဟာ၊ မသန်မစွမ်းဂေဟာတို့ လူငယ်ပြုပြင်ထိန်းသိမ်းရေး ဂေဟာ တွေကို သွားလှူဖူးတယ်။ ပြီးတော့ ပညာသင်ကြားနေတဲ့အချိန်အတွင်း မျက်စိအခက်အခဲရှိတဲ့ လူငယ်တွေအတွက် မျက်မှန်လေးတွေ လှူဖို့ အစီအစဉ်ရှိတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပွင့်ဦး ပရိဘောဂဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Yoon Yoon

ယွန်းယွန်းကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ပါပဲ။ ပရဟိတအလုပ်တွေကိုလည်း သူမရဲ့ မိဘနှစ်ပါးနဲ့ အတူတူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူမဟာ မကြာသေးခင်က နိပေါနိုင်ငံရဲ့ ခရီးသွား သံတမန်အဖြစ် ခန့်အပ်ခြင်းလည်း ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ သူမက တီဗီကြော်ငြာလေးတွေရိုက်ကူးနေရတာကို တွေ့ရပါတယ်။ 

Photo: Yoon Yoon

ယွန်းယွန်းဟာ ၁၀ တန်းတက်နေရတဲ့အချိန်မှာ ပညာရေးကို ဦးစားပေးနေရလို့ ဖုန်းလည်း အသုံးပြုခွင့်မရလို့ Facebook လည်းသုံးခွင့်မရခဲ့ရပါဘူးတဲ့။ စာမေးပွဲပြီးတော့ ဖုန်းအသုံးများခဲ့တာ မျက်လုံး ထိခိုက်သွားတယ်လို့လည်း သူက ပြောပါတယ်။ 

“ ညီမလည်း ၁၀ တန်းတုန်းက ဖုန်းမသုံးခဲ့ရဘူး။ စာမေးပွဲဖြေပြီးသွားတော့မှ ဖုန်းကို အတိုးချ ပြီးတော့ အရမ်းသုံးလိုက်တဲ့အခါကျတော့ တစ်နှစ်၊ နှစ်နှစ်လောက်အတွင်းမှာ ညီမ မျက်လုံးက အရမ်းပျက်သွားတယ်။ တက္ကသိုလ် စတတ်တဲ့အချိန်မှာ White Board တွေကို မမြင်ရတော့ဘူး။ စာသင်ကြားရေးမှာ ကိုယ်တိုင်အခက်အခဲကြုံရတော့မှ ပါဝါရှိမှန်းသိတာ" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Yoon Yoon

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၂၀ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က