ဒီအလှူငွေကို ဒိန်းဒေါင်က လက်ခံရရှိခဲ့တာပါ။

နေတိုး လှူဒါန်းခဲ့တဲ့ ငွေကျပ်(၁၀) သိန်းကို လူရွှင်တော် တွေအတွက် မျှမျှ တတ လှူဒါန်းပေးသွားမယ်လို့ ဒိန်းဒေါင်က ဆိုပါတယ်။ 

Photo: Daing Daung



သရုပ်ဆောင် နေတိုးကတော့ Covid ကာလမှာ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရတဲ့ လူရွှင်တော်များအတွက် ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီ အလှူငွေကို လက်ခံရရှိတဲ့ လူရွှင်တော် ဒိန်းဒေါင်က Duwun ကနေတဆင့် အခုလို ပြောပြလာပါတယ်။ 

"ကို နေတိုးနဲ့ ဦးဒိန်းတို့က Facebook မှာ Friend ဖြစ်နေတော့ မနေ့ညက ကိုနေတိုးကလာပြောပါတယ်။ ကိုဒိန်းဒေါင်အဆင်ပြေရဲ့လားတဲ့။ ကျွန်တော်ကတော့အဆင်ပြေပါတယ်။ လူရွှင်တော် သက်ကြီးတွေကတော့ အရင်က လှူခဲ့တာတွေရှိတဲ့အတွက် (၂) လ၊ (၃) လစာအတွက်တော့ အဆင်ပြေတယ်လို့ ပြောပြခဲ့တယ်။ ဒါပေမယ့် ဗျာ ဈေးရောင်း၊ ဆိုက်ကားနင်း၊ ကယ်ရီဆွဲနေတဲ့ လူရွှင်တော်တွေအဆင်မပြေကြဘူး ကိုနေတိုးရေ ဆိုတော့ သူကလည်း ဟာသကို ချစ်တဲ့သူ ဖြစ်တဲ့အတွက် ဒါဆို ကိုဒိန်းရေ ကျွန်တော်လှူပေးပါ့မယ်ဆိုပြီးတော့ ဆယ်သိန်းမတည်ပြီးလှူလိုက်တယ်ဗျာ" လို့ သူက ဆိုပါတယ်။ 

Photo: Daing Daung

လက်ရှိမှာ သရုပ်ဆောင် နေတိုး လှူဒါန်းလိုက်တဲ့ ငွေ(၁၀) သိန်းနဲ့ လူရွှင်တော် အယောက်(၁၀၀) ကို လှူဒါန်းလို့ ရကြောင်းကိုလည်း ဒိန်းဒေါင်က ပြောပါတယ်။ 

" ဒီနေ့က (၂၃) ရက်နေ့ ဆိုတော့ တပတ်အတွင်းအိမ်မှာနေပြီး ကြိုးစားလိုက်ဦးမယ်။ ကျွန်တော့် မိတ်ဆွေတွေထဲကမှ လှူတာ၊ တန်းတာ ဝါသနာပါတဲ့ သူတွေဆီက ဖုန်းဆက် အကူအညီတောင်းကြည့်မယ်။ တကယ်လို့ သူတို့ လှူတဲ့ ငွေပမာဏအပေါ် မူတည်ပြီး ဦးဒိန်းက လှူပေးသွားမှာပါ။ အခုဆိုရင် လူရွှင်တော် တစ်ဦးကို (၁) သောင်းပေးမယ်ဆိုရင် အယောက်(၁၀၀) အတွက် (၁၀) သိန်းအဆင်ပြေတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Daing Daung

နေတိုးဟာ Covid ကာလမှာ အခက်အခဲတွေ ကြုံနေရတဲ့ အနုပညာလောကသားတွေကို သူတတ်နိုင်တဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့လှူဒါန်းနေတာ တွေ့ရပါတယ်။ သူဟာ သြဂုတ်လတုန်းကလည်း သက်ကြီး လူရွှင်တော်များ အတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် အနုပညာလောကသားတွေထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေ ဖြစ်တဲ့ ဒါရိုက်တာ အောင်ဇော်လင်းရဲ့ သမီးလေး မမေသူချစ် နဲ့ ဒါရိုက်တာ အောင်ဗပါဝါ သမီးလေး ဂျူလီယာပါဝါ တို့ကို အတွက် ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခဲ့ပါသေးတယ်။

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က