အခုလို ဖြစ်လာတာ ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်တယ်။

အေသင်ချိုဆွေဟာ အခုလို အခြေအနေမျိုး ရပ်တည်လာနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတွေ တင်နေတာပါလို့ ဆိုပါတယ်။  

Photo: A Thin Cho Swe



အေသင်ချိုဆွေကတော့ လက်ရှိမှာ ဂီတအလုပ်တွေ တစိုက်မတ်မတ် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဂီတလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်လာရပြီဖြစ်သလို အခုလို သူမကိုယ်တိုင် ကြိုးစားခဲ့ရတဲ့အရာတွေကို Duwun Media ကနေ ရင်ဖွင့်ပြောပြလာပါတယ်။ 

“အေသင် ဒီလိုမျိုး ပြန်ရပ်တည်နိုင်လာနိုင်တာ အခုနောက်ပိုင်း ဘယ်သူ့ကိုမှ ကျေးဇူးမတင်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကျေးဇူးတင်တယ်။ မိသားစုကလည်း တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးချင်လည်း ပံ့ပိုးမယ်၊ သူတို့ကြောင့် ကိုယ့်မှာရလာတာက Pressure တွေပဲရတယ်။ မကောင်းပြောတာ မဟုတ်ပါဘူး။ ကိုယ်ခံစားရတာကို ကိုယ်ပြောတာပါ။ ကိုယ့်စိတ်က ဒီလို ခိုင်မာလာတယ်ဆိုတာကလည်း ကိုယ့်ကြောင့်ပဲ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပရိသတ်တွေကိုပဲကျေးဇူးတင်တယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Amazing Mart ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: A Thin Cho Swe

သူမဟာ အနုပညာအလုပ်တွေ ရပ်နားခဲ့အချိန်မှာ သမီးလေးကိုလည်း မွေးဖွားခဲ့တာဖြစ်သလို ကိုယ်ရေးကိုယ်တာ ခံစားချက်ကြောင့် စိတ်ဓာတ်တွေအရမ်းကျနေခဲ့တာပါလို့ အေသင်ချိုဆွေက ပြောပါတယ်။ သူမဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေလည်း ကြုံခဲ့ရသလို မိသားစုဆီကလည်း ခွန်အားတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို မျှော်လင့်ခဲ့ပေမယ့် အနည်းနဲ့အများတော့ ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့ အေသင်ချိုဆွေ က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ သူမဟာ အရမ်းဝါသနာကြီးခဲ့တဲ့ ဂီတအလုပ်တွေကို ပြန်လုပ်ဖို့အတွက် ဘုရား၊ တရားတွေ လုပ်ရင်း စိတ်ကို ထိန်းချုပ်ခဲ့ရပါတယ်လို့လည်း သူက ပြောပါတယ်။  

Photo: A Thin Cho Swe

 အခုချိန်မှာတော့ အေသင်ချိုဆွေဟာ ဂီတအလုပ်တွေလည်း လုပ်ရင်း သမီးလေးကို ပြုစုပျိုးထောင်ပေးသွားမယ်လို့ဆိုပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကိုလည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“တစ်ခါတလေကျရင် လူ့ဘဝကလေ ကိုယ်လိုချင်တာ မဖြစ်တဲ့အခါ၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရဖို့ ကြိုးစားတယ်။ ဒါပေမယ့် အချည်းနှီးပါပဲ။ ဒါတွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန်တွေလည်း အများကြီးရှိခဲ့တယ်။ ပြီးတော့ ကိုယ့်ဘဝ ကိုယ်ရုန်းရတာပဲ ဒါကြောင့် ပျော်ပျော်နေဖို့ပဲ အရေးကြီးတယ်၊ ကိုယ့်ရဲ့ ဘဝကို ကိုယ်ကျေနပ်နေဖို့အရေးကြီးတယ်။ လူတွေအကြိုက်လိုက်နေလည်း ကိုယ့်ဘဝကိုယ်ရုန်းရမှာပဲ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းမှာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: A Thin Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က