အိမ်မှာနေရင် ဘောလုံးအမြဲကန်ဖြစ်တယ်။

ဒေါင်းဟာ အနုပညာအလုပ်တွေ လုပ်နေပေမယ့်လည်း အားလပ်ချိန်တွေမှာတော့ ဘောလုံးကန်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။ 

Photo: Daung



သရုပ်ဆောင် ဒေါင်းကတော့ ရုပ်ရှင်လောကထဲ မရောက်ခင်က အားကစားသမား တစ်ယောက်အဖြစ် ဘောလုံးကန် ခဲ့ဖူးတယ်လို့ သိရပါတယ်။ သူဟာ ဘောလုံးပြိုင်ပွဲတွေမှာ မပါဖြစ်တော့ပေမယ့် အားလပ်ချိန်တွေမှာတော့ ဘောလုံး ကန်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ ဘောလုံးကတော့ အမြဲတမ်းဆော့ဖြစ်ပါတယ်။ အိမ်မှာနေရင် ဘောလုံးပဲ အပျင်းပြေကန်နေကြပါ။ အရင်တုန်းကလည်း ရှေ့တန်းတိုက်စစ်မှူးဖြစ်ခဲ့တာပဲလေ။ ဘောလုံးကန်တာဟာ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်ဖို့အတွက်၊ စိတ်ပြေပျောက်ဖို့အတွက် အမြဲတမ်း ဘောလုံးနဲ့ ထိနေရရင် စိတ်ထဲမှာ ပျော်တယ်။ ခံစားချက်ကလည်း မတူဘူးလေနော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Daung

ဒေါင်းဟာ အနုပညာအလုပ်ကိုလည်း တစိုက်မတ်မတ်ဆောင်ရွက်နေတာ ဖြစ်သလို အားကစားကိုလည်း ဝါသနာပါသူလို့ သိရပါတယ်။ သူဟာ အခုဆိုရင်တော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုး ၊ အချစ်ဖြင့်လွမ်းစေ စတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ 

ဒေါင်းက အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သဘာဝဆန်တဲ့ ဇာတ်ကောင်ပုံစံမျိုးကို ပိုရိုက်ချင်တယ်လို့ သူက ဆိုပါတယ်။ 

“ကာရိုက်တာနဲ့ ပတ်သက်ပြီး လူတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင်၊ အဓိက ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေနဲ့ အနီးစပ်ဆုံးဖြစ်မယ့် ကာရိုက်တာမျိုးကို ရွေးချယ်ပြီး လေ့လာနေပါတယ်။ ကျွန်တော်က နဂိုကတည်းက ဘဝသရုပ်ဖော်တွေ၊ စာပေ လေ့လာရတာတွေကို စိတ်ဝင်စားတယ်။ ဒါတွေက လူတွေထဲက အနုပညာပေါ့။ ကျွန်တော်တို့နဲ့ နီးနီးလေးမှာပဲ ရှိတဲ့အရာဆိုတော့ အဲဒါကို ပိုစိတ်ဝင်စားတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Daung

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်က သူ့ရဲ့ အလှဓာတ်ပုံတွေကနေတဆင့် ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာပါ။ နောက်ထပ်လည်း "ပုဂံမြို့သူ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ လက်တွဲပြီး အလုပ်အတူတူ လုပ်လာတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က