ဝင်္ကဘာလမ်းမများ ဇာတ်လမ်းတွဲမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
Sabal Thwin

စိုင်းစိုင်းခမ်းလှိုင်ကတော့ ခင်ဝင့်ဝါ အလှမယ်ပြိုင်ပွဲပြိုင်တုန်းက အားပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ ခင်ဝင့်ဝါက စိုင်းစိုင်းနဲ့အတူ “ဝင်္ကဘာလမ်းမများ” ဇာတ်လမ်းတွဲထဲမှာ ချစ်သူတွေလို သရုပ်ဆောင်ရတော့မယ်လို့ သိရပါတယ် 

Photo: Sai Sai

ခင်ဝင့်ဝါကတော့ “ဝင်္ကဘာလမ်းမများ” ရုပ်သံဇာတ်လမ်းတွဲမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချစ်သူအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပါတဲ့။ ဒီကာရိုက်တာအတွက်ဆိုတာထက် စိုင်းစိုင်းရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ရတာ ပိုရင်တုန်ဖို့ကောင်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကိုစိုင်းရဲ့ အောင်မြင်မှုတွေ၊ ပရိသတ်တွေက အများကြီးပဲလေ။ ဘာပဲပြောပြော သူ့ပရိသတ်တွေကတော့ ကိုယ်ချစ်တဲ့ အနုပညာရှင်၊ ကိုယ်အားပေးတဲ့သူရဲ့ အနားမှာ ဆန့်ကျင်ဘက် တစ်ယောက်ယောက်ရှိ နေတယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် သဝန်တိုကြတာတော့ ထုံးစံပဲလေ။ ကိုယ်တိုင်လည်း အပြောခံရမှာ ကြောက်ပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Khin Wint Wah

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သင်္ကြန်သီချင်းထဲက အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပရိသတ်တွေစပြီးတော့ ခင်ဝင့်ဝါကို သိခဲ့တာပါ။ ခင်ဝင့်ဝါ အလှမယ်ပြိုင်ပွဲ ဝင်တဲ့ အချိန်မှာလည်း စိုင်းစိုင်းခမ်းလှိုင်က အားပေးဝန်းရံဖို့ ပရိသတ်တွေကို ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာက Miss ပြိုင်ပွဲတွေ သွားပြိုင်ခဲ့တဲ့ အရှေ့ပိုင်းက အလှမယ်တွေထဲမှာဆိုရင် ခင်ဝင့်ဝါလည်းပါတယ်လေ။ အဲဒီတုန်းကလည်း မြန်မာနိုင်ငံကနေ သွားပြိုင်ခဲ့ကြတဲ့ Miss တိုင်းကို ကျွန်တော်တို့တွေက အားပေးခဲ့ကြတယ်လေ။ ဒီကာလအတွင်းမှာလည်း သူနဲ့ကျွန်တော် ရုပ်ရှင်တွေလည်းရိုက်တယ်၊ ဗီဒီယိုတွေလည်းရိုက်တယ်။ အခုလည်း တောက်လျှောက်တွေ့နေရတော့ သိပ်မထူးဆန်းတော့ပါဘူး” ဆိုပြီးတော့ ဝင်္ကဘာလမ်းမများ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sai Sai

ခင်ဝင့်ဝါဟာ စိုင်းစိုင်းနဲ့ ရုပ်ရှင်မရိုက်ဖြစ်တော့တာ ၃ နှစ်လောက်ရှိပြီလို့ သိရပါတယ်။ စိုင်းစိုင်းဟာ အစ်ကိုတစ်ယောက်လိုရော၊ စီနီယာတစ်ယောက်လိုပါ အစစအရာရာ သင်ကြားပြသပေးတယ်လို့ ပြောပါတယ်။

“ ကိုစိုင်းနဲ့ MTV စရိုက်တယ်၊ ပြီးတော့ သင်္ကြန်ပြတိုက် ဇာတ်ကားမှာလည်း တွဲသရုပ်ဆောင်ဖူးတယ်။ မောင်နှမတွေလိုလည်းဖြစ်နေတယ်၊ ပြီးတော့ ကိုစိုင်းက လက်တွဲခေါ်ပေးတယ်။ ကိုစိုင်းတို့၊ မသက်မွန်တို့၊ ကိုဖြိုးငွေစိုး တို့နဲ့ရော ထုတ်လုပ်ရေးနဲ့ရော အရမ်းရင်းနှီးတော့ ကိုယ့်မောင်နှမတွေလိုဖြစ်နေတဲ့အတွက် စုစုစည်းစည်းနဲ့ ပျော်ပျော်ပါးပါးရိုက်ရမှာပေါ့” လို့ ဆိုပါတယ်။

Photo: RBV

စိုင်းစိုင်းခမ်းလှိုင်ဟာ ရုပ်ရှင်သရုပ်ဆောင်အပိုင်းမှာသာမက ဂီတပိုင်းမှာလည်း အောင်မြင်သူ တစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေ၊ နောက်ထပ် စီးပွားရေးတွေမှာလည်း ဦးဆောင်နေသူပါ။ ခင်ဝင့်ဝါကတော့ အနုပညာလောကထဲကို အလှမယ်တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများကို ရိုက်ကူးနေရသူပါ။ သူမဟာ ဗီဒီယို ဇာတ်ကားပေါင်းများစွာလည်း သရုပ်ဆောင်ခဲ့ဖူးသူဖြစ်သလို ကြော်ငြာ တွေလည်း အများကြီး ရိုက်ကူးနေရသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က