အိုက်တင်တွေ အရမ်းတိုးတက်လာတယ်။

ချိုပြုံးကတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ အနုပညာအရည်အချင်းတွေအပေါ် ချီးကျူးစကားဆိုလာပါတယ်။ 

ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ချိုပြုံးကတော့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးထဲမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဘွား အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုတွေကလည်း အရင်ထက် ပိုကောင်းလာတဲ့အကြောင်း အင်တာဗျူးတွေမှာ ပြောပြခဲ့ပါသေးတယ်။ 



“ စိုင်းစိုင်းနဲ့ ဒီဇာတ်ကားလေးနဲ့ လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဆိုတော်လေ။ မေချိုတို့ ရဲစခန်းမှာ သွားရိုက်တုန်းကလည်း တကယ်ပဲ အားပေးတဲ့သူတွေက ဝိုင်းနေတာ ဆိုတော့ တကယ်လုပ်ထားသလိုပဲ။ အရမ်းလည်းကောင်းတယ် သူ့ အိုက်တင်တွေလည်း အရမ်းတိုးတက်လာတယ်လို့ မေချိုထင်တယ်။ မေချိုနဲ့ အတူတွဲရိုက်တဲ့ အချိန်တွေမှာ သိတယ်လေ။ ဇာတ်တစ်ခုအပေါ် တော်တော်လေး သက်ဝင်ခံစားတတ်လာ တယ်။ အရင်တုန်းကတော့ စိုင်းစိုင်းနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်တာပေါ့။ အခုတော့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သူနဲ့ ဆုံရတဲ့အတွက် သူ့အရည်အချင်းက အရမ်းကောင်းပါတယ်” လို့ သူကဆိုပါတယ်။ 

ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကို မတ်လ ၅ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာနဲ့အတူ ကျော်သူ၊ ချိုပြုံး ၊ စိုးမြတ်သူဇာ နဲ့ အေးမြတ်သူတို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Photo: ပိတောက်ကတဲ့ ဂီတ

အဆိုတော် တစ်ယောက်က ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးအပေါ် အောင်မြင်မှုတွေ ရစေချင်တယ်လို့ ချိုပြုံးက ပြောပါတယ်။ သူမကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို အဆိုတော်တစ်ယောက်အဖြစ် စတင်လုပ်ဆောင်ခဲ့တာကြောင့် ပိုပြီးတော့ သဘောကျနှစ်သက်မိတယ်လို့ ဆိုပါတယ်။ 

“ မေချိုကလည်း အဆိုတော် တစ်ယောက်ဆိုတော့ အခုလို အဆိုတော်တစ်ယောက်က ရိုက်တဲ့ ဇာတ်ကားအတွက် အရမ်းအောင်မြင်စေချင်တယ်။ မေချိုက သီချင်းဆိုတာက စပြီးတော့ သရုပ်ဆောင်ဘက်ကို ပြောင်းလာတာဖြစ်တဲ့အတွက် အခုလို ဇာတ်ကားကောင်းလေးတစ်ခုကို အပင်ပန်းခံပြီးတော့ သေသေချာချာ ပုံဖော်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကျေလည်း ကျေနပ်တယ်။ အောင်မြင်ဖို့အတွက်လည်း ဆုတောင်းတယ်” လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

 

ချိုပြုံးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၅၀ ခန့်ရှိပါပြီ။ အကယ်ဒမီဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားသူဖြစ်သလို ဂီတဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ တစ်ယေယာက်ဖြစ်ပါတယ်။ သူမရဲ့ အနုပညာအလုပ်တွေကို အမွေဆက်ခံမယ့်သူကတော့ မြေးချောလေး ဝင်းခန့်မိုးနဲ့ သန့်သီရိမိုး တို့ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က