မြန်မာနိုင်ငံမှာတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားပါမယ်။

ပရိသတ်စိတ်ဝင်စားနေကြတဲ့ ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့ဆိုရင် ရုံတင်ပြသပါပြီ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်နဲ့ ထွန်းအိနြာဗို တို့ကလည်း သူတို့ရဲ့ ကာရိုက်တာ အကြောင်းလေးတွေ အခုလို ပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင်ကို ထူးခြားတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမယ့် ‘’ကြိမ်နှုန်း’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ အထူးပြပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က သူမရဲ့ကာရိုက်တာအကြောင်းကို မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။



‘’ မြန်မာဇာတ်ကားတွေထဲမှာ ကြည့်နေကြ ပုံစံ၊ ဇာတ်လမ်းမျိုးတွေထဲက နည်းနည်း ခွဲထွက်သွားတယ်ပေါ့နော်။ ပရိသတ်တွေ ကြည့်ရင်တော့ သိရမှာပါ။ ဇာတ်က ခြောက်ခြားစရာ ဇာတ်မျိုးဆိုတော့လေ ရိုက်တဲ့ အချိန်တွေကလည်း ညပိုင်းတွေပဲ ရိုက်တဲ့အခါကျတော့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကလည်း ထိတ်လန့်စရာမျိုးတွေဖြစ်တော့ ရိုက်နေတဲ့အချိန်မှာ စိတ်တွေလည်း ခြောက်ခြားရပါတယ်’’

ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ခန့်မာန်ထည်ကလည်း ဒီဇာတ်ကားကို ပြည်ပနိုင်ငံတွေမှာလည်း ပြသွားမယ်လို့ ပြောပါတယ်။

‘’ဒီဇာတ်ကားက ကြိမ်နှုန်းဖြစ်လာတယ်ဆိုတာက လူ့လောကနဲ့ ဝိညာဉ်လောက တို့ရဲ့ ဆက်သွယ်မှုကို ဖော်ပြတဲ့ ဇာတ်ကားပေါ့နော်။ ဒီဇာတ်ကားကို စင်္ကာပူရယ်၊ ထိုင်းနိုင်ငံရယ်မှာ ပြဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေမှာလည်း ပြသွားဦးမှာပါ’’ ဆိုပြီးတော့ ကြိမ်နှုန်း ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အဲဒီနောက် နောက်ထပ် အဓိက ဇာတ်ဆောင် တစ်ဦးကတော့ ထွန်းအိန္ဒြာဗို ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း သူက အခုလို ပြောပြထားပါသေးတယ်။

‘’ ကျွန်မ အနေနဲ့က အခန်းအများကြီး သိပ်မပါပါဘူး။ ကျွန်မ နဲ့ အူဝဲနဲ့ကို ဆုံပေးတဲ့ ဇာတ်ကားပေါ့နော်။ ဒါပေမယ့် အစုံခန်း တစ်ခန်းမှတော့ သူနဲ့ ကျွန်မ မပါဘူး။ နှစ်ယောက်စလုံး အခန်းကလည်း သိပ်မများပါဘူး။ သူလည်း မများဘူး။ ကိုယ်လည်း မများပါဘူး။ ကျွန်မရဲ့ ကာရိုက်တာကတော့ ဘယ်ဘုံက ရောက်လာမှန်း မသိတဲ့ အမျိုးသမီး တစ်ယောက်ပါ’’ လို့ သူကဆိုပါတယ်။

ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိအဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က