အကယ်ဒမီ ဆုစာရင်း ပေါက်ကြားမှုအပေါ် အခုလို ပြောလာပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းက အကယ်ဒမီဆုစာရင်း ပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး နောက်နှစ်တွေ ထပ်မဖြစ်ရအောင် စည်းကမ်းတင်းကြပ်သွားတယ်လု့ိ ပြောပါတယ်။

အကယ်ဒမီပေးပွဲ မပြီးဆုံးခင်မှာဆုရစာရင်းတွေ ပေါက်ကြားခဲ့မှုအပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အရေးယူဖို့ ဆောင်ရွက်နေတယ်ဆိုတာ အတွင်းစည်းက ပေါက်ကြားသွားတာလားဆိုတာကို စိစစ်နေပါတယ်။ အတွင်းစည်းက ပေါက်ကြားသွားတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီလူကို နောက်နောင် ဒီနေရာမှာ မသုံးတော့ပဲ Blacklist ထဲ ထည့်ရပါမယ်။ အတွင်းစည်းထဲက ပေါက်ကြားတာ မဟုတ်ဘဲနဲ့ ကွင်းထဲရောက်ပြီးတော့မှ ဖြစ်တဲ့အချိန်၊ ပေါက်တဲ့အချိန်က ဒီလိုဖြစ်တဲ့အခါကျတော့ ဘယ်ကပေါက်လဲဆိုတာ စုံစမ်းရခက်သွားပါပြီ။ အဲဒီအတွက် နောင်ကို ဒီ့ထက်ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ချမှတ်နိုင်ဖို့ ပြင်ဆင်ရပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် အကယ်ဒမီပေးပွဲတိုင်းမှာလည်း ဆုရစာရင်းတွေကို နာယကကြီးနဲ့ တာဝန်ရှိသူတွေကိုသာ အသိပေးလေ့ရှိတယ်လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။ ဒီအတွက်ကြောင့် ပရိသတ်တွေကြားထဲ ပေါက်ကြားမှု ထပ်မံ မဖြစ်ပွားအောင် စည်းကမ်းတကျ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

‘’အကယ်ဒမီရဲ့ ထုံးစံက လူတစ်ဦးချင်းစီက မဲပေးလိုက်တဲ့ အမှတ်တွေကို နာယကကြီး ၃ ဦးကနေ အမှတ်ပေါင်းပေးရတာ ဖြစ်ပါတယ်။ ပြီးတော့မှ အမှတ်တွေကို ချိတ်ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီဆုတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ့် စကားတွေရှိပါတယ်။ ကွင်းထဲရောက်တဲ့ အချိန်မှာလည်း ဒီ ၃ ဦးကနေ အယောက် ၂၀ ကို အသိပေးရတာတွေရှိပါတယ်။ ဒါကလည်း ပွဲကို ချောမွေ့စွာတင်ဆက်နိုင်ဖို့ ဆောင်ရွက်ရတာမျိုးတွေရှိပါတယ်။ ဒါကြောင့် ဒီ့ထက်ပို လုံခြုံအောင် ဘယ်လို ထပ်လုပ်ရမလဲ ဆိုတာကိုလည်း ပြန်လည် သုံးသပ်ကြရမှာပါ’’ လို့ မတ်လ ၂၄ ရက်နေ့ ညက အကယ်ဒမီ ဂုဏ်ပြုညစာ စားပွဲ မှာ ဖြေဆိုခဲ့တာပါ။
Photo: Zin Wyne

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများစာရင်း စတင်ပေါက်ကြားခဲ့တဲ့ အချိန်ကိုလည်း ဦးဇင်ဝိုင်းက ပြောပြလာပါသေးတယ်။

‘’စာရင်းပေါက်ကြားတာကတော့ ကျွန်တော်တို့ နောက်ကြောင်းပြန်လိုက်နေတာက ၇ နာရီ ခွဲနဲ့ ၇ နာရီ ၄၀ အတွင်းမှာ ပေါက်ကြားသွားတယ်လို့ သိထားပါတယ်။ အကယ်ဒမီစာရင်း ပေါက်ကြားတယ်ဆိုတာကလည်း နှစ်စဉ် ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အရင်တုန်းကဆိုရင်လည်း အကယ်ဒမီနဲ့ ပတ်သက်လို့ ကွင်းထဲ ရောက်သွားပြီဆိုတာနဲ့ သိရပါတယ်’’လို့ ဆက်လက်ပြောပြလာပါတယ်။

၂၀၁၇ ခုနှစ်က စလို့ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌတာဝန်ကို ဒုတိယအကြိမ်မြောက် ထမ်းဆောင်လာတဲ့ အကယ်ဒမီ ဦးဇင်ဝိုင်းဟာ ရုပ်ရှင် အစည်းအရုံးက လုပ်နိုင်တဲ့အတိုင်းအတာသည် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ညှိနှိုင်းခြင်း ဒီအတိုင်းအတာထိရှိကြောင်း၊ အရင်လို စာရွက် ပေါ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒီအမိန့်ကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ်ဆိုတဲ့ ခေတ်က မရှိတော့ပါဘူး။ ခေတ်တွေလည်း ပြောင်း သွား ပြီလို့ ပြောပြခဲ့ပါသေးတယ်။


က္က