Smile Online Application ကနေ ရုပ်ရှင်ဇာတ်ကားတွေ ပြနိုင်အောင် ကြိုးစားနေတဲ့စမိုင်းလ်အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက်ပါတဲ့။

ဒီ application ကနေ ကိုဗစ်ကာလအတွင်းမှာ မပြလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယို ဇာတ်ကားတွေကို အခမဲ့ တင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: Smile



သရုပ်ဆောင် စမိုင်းလ်က COVID-19 ကာလမှာ အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေ အတွက် Smile Online Cinema ဆိုတဲ့ application တစ်ခု ထုတ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီ application ကနေ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကို အခမဲ့ တင်ပေးမယ်လို့ သူမက ပြောပါတယ်။

“ ဒီ application လေးကတော့ အစ်မအပါအဝင် အစ်မတို့ ရုပ်ရှင်လောကသားတိုင်းအတွက် လုပ်ဖြစ်တာပါ။ အစ်မဆိုရင် ထုတ်လုပ်သူ အသစ်၊ ထုတ်လုပ်ရေးက နှစ်ကားပဲရိုက်ထားတာ ဖြစ်တဲ့အတွက် ရုံတင်ဖို့ တန်းစီရတာတွေ ရှိတယ်။ Covid ကာလဖြစ်သွားတော့ ရုပ်ရှင်တစ်လောကလုံး ဒုက္ခရောက်ကြတာပဲ။ ရုပ်ရှင်တွေပဲ ခေတ်ဖြစ်နေတဲ့ အချိန်မှာ ဗီဒီယို လောကသားတွေအကုန်လုံး တိမ်မြုပ်သွားရတယ်။အထူးသဖြင့် ဇာတ်ပို့ ဇာတ်ရံတွေ၊ လူကြမ်းတွေပေါ့။ ကိုယ်ဘာလုပ်ပေးနိုင်မလဲ တွေးလိုက်တော့ အနုပညာသမားတွေက ပိုက်ဆံဆိုတာထက် သူတို့ရဲ့ အနုပညာအရည်အချင်းတွေကို ပြရတာ ပိုကြိုက်တယ်။ ဒါကြောင့် ဒီ application ကိုလုပ်မယ်။ အစ်မကိုလည်း တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး။ သူတို့ရတဲ့ ပိုက်ဆံ သူတို့ယူ၊ ဒါ အစ်မရဲ့ ကုသိုလ်ပါပဲ” ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က သူမရဲ့ မွေးနေ့ အကြို အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Smile

သူမအနေနဲ့ Smile online cinema application ထွက်ဖို့အတွက် ပြင်ဆင်နေတာ (၃)လလောက်ရှိပြီလို့ ဆိုပါတယ်။Application ထွက်ဖို့အတွက်ကိုလည်း ခင်ပွန်းဖြစ်သူက စီစဥ်ပေးနေတာလို့ သူမက ဆက်လက်ပြော ပြခဲ့ပါတယ်။

“ application လုပ်နေတာ ၃ လလောက်တော့ရှိပြီ။ ဒီနှစ်ထဲမှာတော့ ပရိသတ်ကို မိတ်ဆက်ပေးသွားမှာပါ။ ဒါကို Smile Online Cinema လို့ နာမည်ပေးထားပါတယ်။ ဒါ ရုပ်ရှင်ရုံသဘောပဲပေါ့နော်။ အင်တာနက်တွေနဲ့ အဆင်ပြေပြေ ကြည့်လို့ရအောင် ပြန်စိစစ်နေပါတယ်။ ဖုန်းကတော့ လက်ထဲမှာရှိနေတာပဲလေ။ ဘတ်စ်ကားစီးရင်းနဲ့ ရုပ်ရှင်ကြည့်နေလို့ရတာပဲဆိုတော့ အားလုံးကို အဆင်ပြေစေချင်တဲ့ စိတ်နဲ့ အခုလို လုပ်ဖြစ်သွားတာပါ။ ဒီအစီအစဉ်ကို အစ်မက လုပ်ဖို့ပဲ ပြောရသေးတယ်။ အစ်မခင်ပွန်းက အကုန် စီစဉ်ပြီးသား ဖြစ်နေပြီ” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က