Ei Ei Myat

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ရဲ့ နောက်ဆုံးခရီးကို ဝေဠုကျော်က ဦးစီးပြီး လုပ်ဆောင်ပေးခဲ့သလို မိသားစုဝင်များနဲ့အတူ ချစ်တဲ့ ပရိသတ်များက လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ အောင်ဇော်ရဲ့ ရုပ်လောင်းကို မန္တလေးမြို့မှာရှိတဲ့ ကြာနီကန် သုသန်ဿာန်မှာ သဂြိုလ်ခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ရဲ့ နောက်ဆုံးခရီးကို ဇူလိုင်လ(၂၃) ရက်နေ့ (၁၁)နာရီက မန္တလေးမြို့၊အေးရိပ်ငြိမ် (ကြာနီကန်)သုဿာန်မှာ မီးသဂြိုလ်ခဲ့ပြီး ဂူသွင်းခဲ့ပါတယ်။ သရုပ်ဆောင် အောင်ဇော်ရဲ့ နောက်ဆုံးခရီးကို သူငယ်ချင်းဖြစ်သူ ဝေဠုကျော်က လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သူကိုယ်တိုင် နာရေးကားကို မောင်းနှင်ပြီး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် အောင်ဇော်ရဲ့ နောက်ဆုံး ခရီးကို မိသားစုဝင်များသာမက သူ့ကို ချစ်တဲ့ ပရိသတ်တွေများစွာက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါသေးတယ်။

သရုပ်ဆောင် စူးရှရဲ့ ဖခင် ၊ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁)ရက်နေ့ ည(၈)နာရီ ဝန်းကျင်လောက်က ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ မျက်စိရှေ့တင် ဖြစ်သွားခဲ့တဲ့ ဖခင်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး စူးရှတစ်ယောက် ဖြေမဆည်နိုင် ဖြစ်လို့နေခဲ့ပါတယ်။

“အဖေက ကားကို လမ်းတစ်ဖက်မှာရပ်ပြီး လမ်းကူးလာတာ။ လမ်းလျှောက်လာပြီး အိမ်ထဲကို ဝင်တဲ့အချိန်မှာ ဒုန်းခနဲဆိုပြီး လဲကျသွားတာ။ ကျွန်တော်ဖြစ်ဖြစ်ချင်း မန္တလေး ဆေးရုံကြီးသွားပို့တယ်။ လုံးဝကို အသက်မမီတော့ဘူး။ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာပါ” လို့ စူးရှက Duwun Media ကို ပြောပါတယ်။

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်က ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သူ့ရဲ့ သတင်းကိုကြားပြီး အနုပညာလောကသားများ၊ ပရိသတ်များအားလုံးက စိတ်မကောင်း ဖြစ်လို့နေပါတယ်။ သရုပ်ဆောင်အောင်ဇော်ဟာ အနုပညာလောကမှာ အချိန်အတော်ကြာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်သလို အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ သားဖြစ်သူ စူးရှကိုလည်း အနုပညာအမွေ လက်ဆင့် ကမ်းနိုင်ခဲ့သူ တစ်ဦးပါ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က