ဖခင်ကိုရော၊ သူ့ရဲ့ နောက်မိန်းမကိုရော ပြုစုနေရတယ်။
Sabal Thwin

နွေးနွေးချစ်ဖွယ်ကတော့ ဖခင်ဖြစ်သူဟာ သူမငယ်စဉ်တုန်းက နောက်အိမ်ထောင်ပြုလိုက်တဲ့ အချိန်မှာ စိတ်နာခဲ့မိတာတွေရှိတယ်လို့ ဆိုပါတယ်။ အခုလည်း ဖခင်နဲ့အတူ စိတ်အေးချမ်းသာစွာနဲ့ ပြုစု စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ကတော့ နာမည်ကျော်လူရွှင်တော်ကြီး မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပါတယ်။သူမဟာ မိသားစုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကို စိတ်နာခဲ့ရတာတွေရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ အရင်တုန်းကတော့ အဖေ့ မိန်းမကို မာမီလို့ခေါ်တယ်။ မာမီ့ကြောင့် သမီးတို့တွေ မိသားစုကွဲရတယ်။ မာမီလို့ခေါ်တာကလည်း အဖေ သင်ပေးထားလို့ခေါ်တာ။ အဖေ့ကိုဆိုရင်လည်း အဖေက သမီးတို့ ငယ်ငယ်လေးပဲရှိသေးတာကို ထားခဲ့တယ်။ဒီလိုမျိုးတွေရှိခဲ့တာပေါ့။ ဒါတွေကကိုယ် ဘုရား၊ တရားလုပ်တော့မှ သိလာတာ။ ဘယ်အရာကိုပဲ ဖြေဖြေ တရားနဲ့ ဖြေမှ ရတယ်ဆိုတာ သိပ်မှန်တယ်” လို့ ဆိုပါတယ်။

Photo: Nway Nway Chit Phwel

သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစု တကွဲတပြားနေခဲ့ရတယ်လို့ ရင်ဖွင့်လာပါတယ်။ အခုလက်ရှိမှာလည်း ဖခင်ဖြစ်သူကိုရော ဖခင်ရဲ့ နောက်ထပ်ဇနီးကိုပါ ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သူကပြောပါတယ်။

“ဘဝ အခြေအနေကြောင့် မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရတယ်ဆိုပေမယ့် အခု အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်လာပြီဖြစ်လို့ အဖေ့ရဲ့စိတ်ကို နားလည်တယ်၊ ငါသည် ဝဋ်ကျွေးရှိတယ်လို့ မှတ်လိုက်တယ်။ အခုချိန်မှာ ဖေဖေ့ကိုလည်း ပြုစုစောင့်ရှောက်ခွင့်ရတယ်၊ ဖေဖေနောက်ထပ်ယူထားတဲ့ မိန်းမ ကိုလည်း သူကျန်းမာရေးအကောင်းတဲ့အချိန်မှာ စောင့်ရှောက်ခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် နွေးက ကုသိုလ်ထူးတဲ့ မိန်းကလေးတစ်ယောက်လို့ သတ်မှတ်ထားပါတယ်” သူကဆိုပါတယ်။

Photo: Yanta

နွေးနွေးချစ်ဖွယ်ဟာ သူမရဲ့ မိသားစုဘဝအကြောင်းတွေကို ရင်ဖွင့်ပြောပြလေ့ မရှိတဲ့ သူတစ်ယောက်ပါ။ ဝေဖန်သူတွေလည်း ရှိသလို အားပေးချစ်ခင်ကြသူတွေလည်းရှိလို့ ဖွင့်မပြောပြတာလို့ ဆိုပါတယ်။ တကယ်တော့ သူမရဲ့ ဘဝလေးက ဝမ်းနည်းစရာတွေနဲ့ ပြည့်နေခဲ့သူပါတဲ့။

“ တချို့တွေက ဘဝအကြောင်းတွေကို မပြောပြဘူး။ နွေးကတော့ ပြောပြတယ်။ ကိုယ့်လိုမျိုး မိဘတွေအပေါ်မှာ အငြိုးအတေး ထားနေတဲ့သူတွေရှိမှာစိုးလို့ပါ။ ကိုယ်ကိုယ်တိုင် ခံစားခဲ့ရဖူးတယ်၊ ကိုယ်ကိုယ်တိုင်လည်း အငြိုးအတေး ထားခဲ့ဖူးတယ်။ အဖေ့ကို မုန်းခဲ့တာကိုး။ ဒါတွေဟာ ဒီအချိန်မှာ ကိုယ့်လို သံဝေဂယူတတ်အောင် ပြန်ဝေမျှတာပါ။ ဘဝမှာ ငိုစရာ၊ ဝမ်းနည်းစရာတွေက တကယ်ကို ပြည့်နှက်နေခဲ့တာ။ အခုချိန်မှာတော့ အေးချမ်းနေပြီ၊ ပျော်နေပြီ” လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က