သူမရဲ့ Fan Meeting လေးက ပျော်စရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

သက်မွန်မြင့်က သူမအတွက် အနုပညာခရီးလမ်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် အနုပညာအလုပ်တွေ အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းနဲ့လည်း သီချင်းတွေ သီဆိုခဲ့ပါသေးတယ်။

သက်မွန်မြင့်ဟာ သူမရဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံကြတဲ့ ပွဲလေးမှာ သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီချင်းတွေ အတူတူဆိုဖြစ်ခဲ့တဲ့အကြောင်းပြောလာပါတယ်။ ဒါကလည်း ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်ရဲ့ အကြံပြုချက်ကြောင့် သီချင်းဆိုခဲ့ရတာပါလို့ သဘောကျရယ်မောရင်း မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကိုစစ် အိုင်ဒီယာပါ။ ဗီဒီယိုလေးတွေ ပြမယ်ဆိုတဲ့အချိန်မှာ စိုင်းစိုင်းကလည်း သူလာပေးမယ်၊ သူပါဝင်ပေးမယ်ဆိုတဲ့အချိန်မှာ သက်မွန်တို့ နှစ်ယောက်ရဲ့ အမှတ်တရလေးက VCD လည်းရှိတယ်ဆိုတာနဲ့ ဒါက သက်မွန်တို့ ငယ်ငယ်က သူရောကိုယ်ရော ဒီလောကအစပျိုးခဲ့တဲ့ သီချင်းလေးဆိုတော့ အမှတ်တရလည်း ဖြစ်သွားမယ်ပေါ့နော်။ တကယ်တမ်း သက်မွန်က သီချင်းဆိုဖို့အရမ်းကြောက်ပါတယ်။ အမှတ်တရလေးဖြစ်သွားအောင် ဆိုပေးပါဆိုလို့ ကိုစစ်က အကြံပေးတာနဲ့ ဆိုဖြစ်ခဲ့တာပါ’’ ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ညက ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောပြခဲ့တာပါ။

သက်မွန်မြင့်ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ညက သူ့ရဲ့ ပရိသတ်တွေနဲ့ အတူတူ အနုပညာသက်တမ်း နှစ် ၂၀ ပြည့် အမှတ်တရအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ သူမကိုယ်တိုင်လည်း အများကြီးပျော်ရွှင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’အရမ်းပျော်ပါတယ်။ ဒါက နှစ် ၂၀ ပေါ့နော်။ အမှန်ကတော့ မပြည့်သေးပါဘူး။ နှစ် ၂၀ ခရီးမှာ ပရိသတ်တွေနဲ့ ဒီလိုပွဲလေး လုပ်ပြီးတော့ တွေ့ဆုံ၊ အချိန်လေးကိုဖြတ်သန်းကြတယ်ဆိုတာ ပထမဆုံးပါ။ အိပ်မက်လေးတစ်ခုဖြစ်လာပြီ။ ကိုယ်ဆန္ဒရှိတဲ့အတိုင်း ပျော်ပျော်ရွှင်ရွှင်လေးဖြစ်လို့လည်း အတိုင်းမသိကို ဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် သက်မွန်မြင့်နဲ့ ပရိသတ်တွေကြားက အနှစ် ၂၀ ကာလအပြင် နောက်ထပ် နှစ်တွေ အများကြီးကြာတဲ့အထိ ကြိုးစားချင်သေးတယ်လို့ သူကပြောပါတယ်။

‘’ ဒီအသက်အရွယ်၊ ဒီအနေအထားမှာ ဖြတ်သန်းခဲ့တာကလည်း အနှစ် ၂၀ ဖြစ်သွားပြီဆိုတော့ ရပ်တည်တဲ့ ပုံစံကလည်း မတူတော့ဘူးပေါ့နော်။ ပရိသတ်ကတော့ ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ အများကြီးလုပ်စေချင်တယ်။ အများကြီး ဖြစ်စေချင်သေးတယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်က ကိုယ့်အသက်အရွယ်နဲ့ကျတော့ အများကြီး မမျှော်တတ်တော့ဘူး ဒါလေးကိုတော့ ပရိသတ်နဲ့ ညှိရတာပေါ့နော်။ ဒါပေမယ့် သက်မွန် ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲလုပ်လုပ် ပရိသတ်တွေအတွက် စဉ်းစားပေးပါတယ်။ ကြိုးစားပေးပါတယ်’’ လို့ ဆိုပါတယ်။

သက်မွန်မြင့်ကိုတော့ မန္တလေးသိန်းဇော်ရဲ့ Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာပါ။ သူမဟာ အရပ်မြင့်မြင့်၊ ချစ်စရာကောင်းတဲ့ ရုပ်ရည်အသွင်အပြင်တွေကြောင့် ပရိသတ်တွေရင်ထဲကို အမြန်ဆုံးရောက်ရှိခဲ့သူလေးဖြစ်ပါတယ်။ အဲဒီနောက် စိုင်းစိုင်းရဲ့ Music Video တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နာမည်ရလာတာနဲ့အမျှ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသူပါ။ အခုဆိုရင်တော့ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က