အိမ်ထောင်ပြုဖို့ထက် အလုပ်တွေ ပိုလုပ်ချင်သေးတယ်။

ဘေဘီမောင်ဟာ အိမ်ထောင်ပြုဖို့အရေးထက် အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်နိုင်ဖို့ ကြိုးစားသွားဦးမယ်လို့ ပြောပါတယ်။ 

ဘေဘီမောင်ဟာ သားဂန်းနဲ့ စတွေ့တဲ့ အချိန်တုန်းက မမေ့နိုင်စရာ အမှတ်တရလေး ဖြစ်ခဲ့ပုံ လေးတွေကို ပြောပြလာပါတယ်။ လက်ရှိမှာတော့ သားဂန်းရဲ့ အနုပညာအလုပ်တွေကို ဘေးကနေ အားပေးနေတယ်လို့ သူက ဆိုပါတယ်။ 



“ အဓိက ကတော့ ကံအကျိုးပေါ့။ ကိုယ်လည်း မော်လမြိုင်မှာနေတဲ့ အဆိုတော်လေးတစ်ယောက်နဲ့ ချစ်ကြိုးသီမယ်လို့ မမျှော်လင့်ထားဘူး။ သူကလည်း ရန်ကုန်မှာ သရုပ်ဆောင်လုပ်နေတဲ့ အစ်မနဲ့ ချစ်သူဖြစ်မယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး။ သူ့ကို သီချင်းရိုက်ဖို့ သွားကမ်းလှမ်းရင်းနဲ့မှ စတွေ့တာ။ ဖူးစာပေါ့နော်။ ကံဆိုတာလည်း လူက လုပ်ယူရတဲ့အရာပဲလေ။ သူဆိုလည်း အခု ပရိသတ် သိတယ်ဆိုရုံလောက်ပဲပေါ့။ ဒါပေမယ့် ကိုယ့်ချစ်သူကို ပွဲတွေ အများကြီး ဆိုနေရတာ၊ သူများတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်နေရတာမျိုး မြင်ချင်တာပေါ့နော်။’’လို့ သူကဆိုပါတယ်။ 

ဘေဘီမောင်ဟာ အိမ်ထောင်ပြုဖို့ထက် အနုပညာအလုပ်တွေကို ပိုလုပ်ဖို့ ဦးစားပေးနေဦးမယ်လို့ ပြောပါတယ်။ သူ့ရဲ့ ချစ်သူကို အနုပညာလောကထဲမှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ သားဂန်း နဲ့ ဘေဘီမောင်တို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ပရိသတ်ကို ပြောပြလိုက်တာ ဖြစ်ပါတယ်။ အရမ်းလိုက်ဖက်တဲ့ စုံတွဲလေးဖြစ်တာကြောင့်လည်း ပရိသတ်တွေက ဘေဘီမောင်ရဲ့ အနုပညာအလုပ်တွေမှာရော၊ သားဂန်းရဲ့ ဂီတအလုပ်တွေမှာပါ ပိုပြီးတော့ အားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းက ၂ နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ 

ဘေဘီမောင်ကတော့ သားဂန်းနဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်လို့ ကိုယ့်ကို တန်ဖိုးထားတဲ့ ခင်ပွန်းလောင်းကိုပဲ လိုချင်ခဲ့တာပါတဲ့။ ဒီဆန္ဒကို သားဂန်းက ဖြည့်ဆည်းပေးနိုင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“သူကတော့ အစ်မအတွက် ဘုရားက ဆုချလိုက်တဲ့ ချစ်သူတစ်ယောက်ပေါ့။ အိမ်မှာ အစ်မက သမီးအကြီးဆုံးဖြစ်တဲ့အတွက် ဖခင်မေတ္တာကို သိပ်မရဘူး။ တစ်ခါတလေ ကိုယ် စိတ်ညစ်စရာတွေရှိလာရင် သူက စကားလေးတွေ ပြောပေးတယ်၊ ကိုယ့်ရဲ့ ဒေါသ၊ မောဟတွေကိုလည်း ဘေးကနေထိန်းပေးတယ်။ အစ်မရဲ့ ဖြစ်တည်မှုဘဝကို သူနားလည်တယ်။ အရှေ့မှာ အစ်မက ဘာတွေပဲဖြစ်ခဲ့၊ ဖြစ်ခဲ့ သူနဲ့အတူရှိတဲ့အချိန်မှာ လူကောင်းဖြစ်နေရင်ရပြီဆိုတဲ့ စိတ်နဲ့ အစ်မကို တန်ဖိုးထားတယ်”လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက “ ရင်တွင်းဒဏ်ရာ”ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာ သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သရုပ်ဆောင် မင်းသူ နဲ့ "ရင်တွင်းဒဏ်ရာ" ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးရိုက်ကူးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က