အစ်မကြီးတစ်ယောက်အနေနဲ့ ဆုံးမပေးတာတွေရှိတာပေါ့။
Sabal Thwin

ဘေဘီမောင်ကတော့ ညီမဖြစ်သူ သံစဉ်မောင်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရား အမြန်ဆုံးပေါ်ပေါက်စေချင်တဲ့အကြောင်း ပြောလာပါတယ်။ 

သရုပ်ဆောင် ဘေဘီမောင်ကတော့ ညီမဖြစ်သူ သံစဉ်မောင်နဲ့ ပတ်သက်ပြီး သူ့ရင်ထဲက စကားကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ညီမလေးကို ဝေဖန်မယ့်အစား သူမကိုပဲ ဝေဖန်ကြဖို့ Duwun media အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ 

“ လက်ရှိမှာတော့ ဖြစ်နေတဲ့ ပြဿနာတွေကို ကိုယ်လည်း သိတယ်၊ အဖေ နဲ့ ညီမလေးပဲ လုပ်နေတာပေါ့နော်။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာတော့ ခွန်အားပေးဖြစ်တယ်ပေါ့နော်။ ညီမလေးကို ဝေဖန်နေကြတဲ့သူတွေကိုလည်း ပြောပြီးပြီ ညီမလေးကို မဆဲပါနဲ့ ကိုယ့်ပဲ ဆဲပါပေါ့နော်။ အမှန်တရားလည်းရှိတယ်။ အချိန်တန်ရင် နွားပိန်ကန်လာမှာပဲဆိုတော့ ဒီအချိန်မှာ ဘာသာတရားလေး လုပ်ပြီး အချိန်တန်ရင် အမှန်တရားလေးကိုပဲ ကြည့်ပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Baby Mg

တရားရင်ဆိုင်နေရတဲ့ ညီမလေးကိုလည်း ဘုရားတရား များများလုပ်ဖို့ ဆုံးမဖြစ်တယ်လို့ ဘေဘီမောင်က ပြောပါတယ်။ သံစဉ်မောင် ကိုလည်း မိဘတွေအတွက် သမီးကောင်းလေးတစ်ယောက်ဖြစ်စေချင်တယ်လို့ သူက ဆိုပါတယ်။ 

“ ဒီအချိန်မှာ အကောင်းဆုံးဖြစ်အောင် ဘုရား၊ တရားလုပ်ရမယ်။ မိဘစကားကိုလည်း နားထောင်ရမယ်၊ အနေအထိုင်၊ အသွားအလာလည်း ဆင်ခြင်ရတာပေါ့နော်။ လူငယ်ဖြစ်လို့ Bar ကြိုက်တိုင်းလည်း သွားလို့မရဘူး သူများရဲ့ ပြောခြင်းကို ပိုခံရမယ်။ ညီမကောင်း၊ သမီးကောင်းလေးအဖြစ် ဘုရားတရားကို ပိုလုပ်၊ ၇ ရက်သားသမီးတွေကို မေတ္တာပို့ပေးပြီးတော့ ရှေ့ဆက်သွားပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ 

Photo: Baby Mg

သံစဉ်မောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမှန်အတိုင်းဖြစ်စေချင်တယ်လို့ ဘေဘီမောင်က ပြောပါတယ်။ မှားတဲ့သူလည်း အမှန်ကို ဝန်ခံစေချင်တယ်လို့ သူက ဆိုပါတယ်။ 

“ အမှုကိုလည်း အမှန်တရားအတိုင်းပဲ ဖြစ်စေချင်တာလေ။ ဥပဒေရှိတယ်။ အမှန်တရားကိုပဲ ရှေ့ဆက်သွားစေချင်တယ်။ မတရားလည်း မဖြစ်စေချင်ဘူး။ အများကြီးလည်း ဒုက္ခမရောက်စေချင်ဘူး။ ဒါလုပ်ရင် ဒီလိုဖြစ်တယ်ဆိုတာကို မိန်းကလေးတွေအတွက် ရှေ့ကနေပြီးတော့ ဒီလို သင်ခန်းစာပေးပြီးတဲ့အချိန်မှာ ယောင်္ကျားလေးတွေ အနေနဲ့လည်း နောက်ဆိုရင် မိန်းကလေးတွေအပေါ် လက်မပါရဲတော့ဘူး၊ အနိုင်မကျင့်ရဲတော့ဘူူး ဆိုတာကို သိသွားရင် ရပြီ။ တစ်ဖက်က လူကလည်း ကိုယ်မှားတာကို သိလို့ ဝန်ခံပြီးတော့ သိသွားရင် ရပြီ။ အမှန်တရားအတိုင်း ရှေ့ဆက်သွားမှာပါ” လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက “ရင်ကွဲဒဏ်ရာ” ဗီဒီယို ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

သံစဉ်မောင်ကတော့ ရည်းစားဟောင်းဖြစ်သူ နေဒွေးကို ထိခိုက်နာကျင်မှု ပုဒ်မ ၃၂၃ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ ဘေဘီမောင်ရဲ့ ညီမအရင်းလေးပါ။ 

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာ သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ သရုပ်ဆောင် မင်းရာဇာ၊ နဒီဝင့်နိုင်၊ အားသစ် တို့နဲ့အတူဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author


က္က