သားဖြစ်သူကို အဖေထက်သာစေချင်တယ်လို့ စင်ရော်မောင်မောင်က ပြောပါတယ်။

စင်ရော်မောင်မောင်ကတော့ သားဖြစ်သူကို ဖခင်ထက်သာတဲ့ အနုပညာဖန်တီးမှုတွေ လုပ်စေချင်တယ်လို့ ဆိုပါတယ်။ မင်းသန့်မောင်မောင်ကလည်း လက်ရှိမှာ ဖခင်နဲ့ အတူ ရိုက်ကူးရေးတွေ လုပ်နေတာ တွေ့ရပါတယ်။

Photo: Zin Yaw Mg

ဒါရိုက်တာ စင်ရော်မောင်မောင်၊ သရုပ်ဆောင်မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်က အခုဆိုရင် ဖခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်တိုင်ရိုက်ထားတဲ့ ဇာတ်ကားလေးတွေလည်း ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’အခုလက်ရှိတော့ ကျွန်တော့် အဖေအလုပ်ကို ကျွန်တော်လိုက်လုပ်ပေးနေတယ်။ အဖေ့လက်ရှိ အနာဂတ် Project တွေ ပြင်ဆင်ပေးနေတယ်။ နောက်လာမယ့် ဇာတ်ကားတွေအတွက်လည်း ကျွန်တော် ပြင်ဆင်ပေးနေတယ်ပေါ့နော်။ အားနေတဲ့အချိန်မှာလည်း ကျွန်တော် မနှစ်တုန်းက ရိုက်ထားတဲ့ ဇာတ်ကားလေးကို ပြင်နေတာပေါ့နော်။ မကြာခင်ရုံတင်တော့မယ်လို့ အကုန်လုံးကို ပြောပြထားချင်ပါတယ်’’ လို့ သူကဆိုပါတယ်။


Photo: Zin Yaw Mg

အဲဒီနောက် ဖခင်ဖြစ်သူ စင်ရော်မောင်မောင်ကလည်း သားဖြစ်သူရဲ့ အနုပညာဖန်တီးမှုအပေါ် သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။

‘’ ကျွန်တော့်သားရဲ့ အရည်အချင်းကိုတော့ မကြာခင်ရှုစားရပါမယ်။ ကျွန်တော့်ကို မှီတယ်ဆိုတာထက်၊ ကျွန်တော့်ထက်သာစေချင်တာပေါ့နော်’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ က Star Awards ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Zin Yaw Mg

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကို ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ အတူ လုပ်ကိုင်နေပြီလို့ သိရပါတယ်။

Photo: Zin Yaw Mg

မင်းသန့်မောင်မောင်က ဘွဲ့မယူခင်အချိန် New York Film Academy မှ Final Thesis အတွက် Short Film လာရောက် ရိုက်ကူးခဲ့ပါသေးတယ်။ ယင်း Short Film ကို "Look At Me" လို့နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီ Film ဟာ ကွဲကွာနေတဲ့ မိဘတွေကြားထဲမှာ သူကျင်လည်ရတဲ့ ခံစားချက်ကို ပုံဖော်ရိုက်ကူးထားပါတယ်။ မင်းသန့်မောင်မောင်ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။



က္က