အမှန်တကယ် ကျူးလွန်တာ ဟုတ်မဟုတ်၊ စစ်ဆေးနေတုန်းပဲရှိသေးတာ။

အေးအေးခိုင်ကို တရားစွဲဆိုထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုဟာ ရုပ်ရှင်လောကကို ထိခိုက်စေလာတယ်လို့ ဇာတ်ပို့ဇာတ်ရံဥက္ကဌ သရုပ်ဆောင် ဦးဝင်းမြိုင်က ပြောပါတယ်။ အေးအေးခိုင်ဟာ အမှန်တကယ်ကျူးလွန်သူ ဟုတ်၊မဟုတ် စစ်ဆေးနေတုန်းပါလို့ ဆိုပါတယ်။ 

Photo: U Win Myaing



တရားစွဲခံထားရတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဇာတ်ပို့ဇာတ်ရံ ဥက္ကဌ တာဝန်ယူထားသူ ဦးဝင်းမြိုင်က Duwun Media ကို အခုလို ဖြေဆိုခဲ့ပါတယ်။ 

“မီဒီယာ တစ်ခုကနေပြီး အေးအေးခိုင်နဲ့ပတ်သက်ပြီးတော့ Post လေးတစ်ခု တင်လိုက်တယ်။ တင်လိုက်တာကလည်း အေးအေးခိုင်က ဖိုးတွမ်တီးမှုနဲ့ စမ်းချောင်း တရားရုံးမှာ တရားစွဲခံရတယ်။ သူကတော့ သာမန်အားဖြင့်တင်လိုက်ပေမယ့် နောက်က ဖြစ်လာတဲ့ ပြဿနာက Comment တွေအရ ဦးတို့ရဲ့ ရုပ်ရှင်လောကကို ထိခိုက်စေတဲ့ Comment တွေ အများကြီး တက်လာတဲ့အတွက် အတတ်နိုင်ဆုံး ဒီလို မဖြစ်စေချင်ဘူး" လို့ ဆိုပါတယ်။ 

Photo: Aye Aye Khine

တရားရင်ဆိုင်နေကြတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ပရိသတ်များစွာတို့ရဲ့ဝေဖန်ပြောဆိုသံတွေဟာ အနုပညာလောကကို တစ်စိတ်တစ်ပိုင်း ထိခိုက်မှု ရှိလာတယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။ 

“ ဒေါ်မေသန်းနုဖြစ်တယ် ရေးကြတယ်။ အေးအေးခိုင် ထပ်ဖြစ်ပြန်ပြီ ဒီလိုပဲ ရေးကြတယ်၊ ပြောကြတယ်။ ရုပ်ရှင်လောကမှာ ဒီလိုတွေပဲဖြစ်နေကြတာလား ဆိုပြီးတော့ ရေးကြပြန်တယ်။ သူ့ဘာသာသူရေးတယ်ဆို ပေမယ့် ဒီရုပ်ရှင်လောကကို လာထိခိုက်တယ်။ အခုကလည်း အမှန်တကယ် ကျူးလွန်လား၊ မကျူးလွန်လားဆိုတာ စစ်ဆေးတုန်းရှိသေးတယ်။ တရားရုံးရဲ့ ဆင်ခြင်တုံ့တရားကို ကျော်ပြီးတော့ တင်တာ ကတော့ မကောင်းဘူးပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: U Win Myaing

ဦးဝင်းမြိုင်ဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူး(၂) နေရာကို တာဝန်ယူထားရသူဖြစ်သလို၊ ဇာတ်ပို့ဇာတ်ရံ အလွှာရဲ့ ဥက္ကဌ တာဝန်ကိုလည်း ယူထားရသူတစ်ယောက်ပါ။ ဒါကြောင့် အနုပညာလောကကိုတော့ အထိခိုက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ 

“ အခု မင်းသမီးဝင်သွားပြီ၊ အခု ဇာတ်ပို့တစ်ခါဖြစ်လာပြန်ပြီ။ နောက် ဒါရိုက်တာတွေရောက်လာလိမ့် ဦးမလား။ ရောက်လာလို့ရှိရင်လည်း ထောင်ထဲမှာပဲ ဒါရိုက်တာနဲ့ မင်းသမီးတွေ ဖိုးတွမ်တီး ဇာတ်ကားတွေ ရိုက် ဆိုတော့ ကိုယ်က အနုပညာကိုချစ်လို့၊ သရုပ်ဆောင် အလုပ်ကို ချစ်လို့ လုပ်နေတဲ့ အချိန်မှာ လောကကြီးနဲ့ ချီပြီး အပြောခံလာရတဲ့ အချိန်ကျတော့ ရင်ထဲမှာ တကယ်မခံစားနိုင်ဘူး” လို့ သူကဆိုပါတယ်။ 

Photo: U Win Myaing

ဦးဝင်းမြိုင်ကိုတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ဦးအဖြစ် ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူကို ပရိသတ်တွေ အများဆုံး သတိထားမိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အဖေ ၊ ဦးလေး၊ အိမ်ထိန်းတော်၊ ရပ်ကွက်ဥက္ကဌ စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ သိခဲ့တာပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်တွေကိုလည်း ထမ်းဆောင်နေတာဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က