ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းရှက်မိပါတယ်။

သံစဉ်မောင်ကတော့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရသူအဖြစ် ပရိသတ်တွေ ပိုသိလာတာမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။ အနုပညာအလုပ်တွေကနေတဆင့် သူမရဲ့ ကြိုးစားမှုတွေကို ပရိသတ် က အသိအမှတ်ပြုတာပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေး သံစဉ်မောင်ကတော့ သူမရဲ့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်မှုတွေကို တရားစွဲဆိုထားတဲ့သူပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး မိသားစုတွေရဲ့ အားပေးမှုလည်းရသလို အမှန်တရားအတိုင်းရှေ့ဆက်သွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ အခုချိန်မှာ အစ်မနဲ့ အမေက ဆူရင်တောင်မှ အဖေက အကောင်းဆုံးရှင်းပြတယ်။ အဖေပြောပြပေးလို့သာ မိသားစုမှာ အဆင်ပြေနေတာ။ အစ်မက ကျတော့ ဖြစ်တဲ့အပေါ်မှာ ညီမကိုပဲဆူတာ။ သူ့ညီမလေး ထိခိုက်မှာစိုးရိမ်တဲ့ စိတ်နဲ့ ဆူတာ နားလည်ပါတယ်။ ကိုယ် သိခဲ့ရတဲ့ အရာကတော့ နောက်ဆို ဘာဖြစ်ဖြစ် မိသားစုကို တိုင်ပင်ရမယ်ဆိုတဲ့ စိတ်လေးတော့ သိလာပါတယ်။ ညီမက အမှန်တရားအတွက်ပဲ ဆက်သွားမှာပါ။ ညီမ မှန်တယ်ဆိုရင် မှန်တဲ့အတိုင်းပဲ သွားမယ်။ ညီမရဲ့ အဆုံးအဖြတ်ထက် တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်းပဲ သွားမှာပါ။ ” လို့ သူကဆိုပါတယ်။ 

Photo: Min Ko MK

သံစဉ်မောင်က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ဆောင်နေသူ တစ်ယောက်ပါ။ သူမကိုတော့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရတဲ့ မင်းသမီးငယ်လေးအဖြစ် ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အနုပညာအလုပ်တွေနဲ့သာ အားပေးစေချင်တယ်လို့ သူကဆိုပါတယ်။ 

“ သံစဉ်မောင်ဆိုတာကို ပရိသတ်က ဒီလို ကိစ္စမျိုးနဲ့ မသိစေချင်ဘူး။ ညီမ တော်နေလို့၊ တက်နေလို့လည်း မဟုတ်ဘူး၊ ညီမ အနုပညာနဲ့ပဲ ညီမကို သိစေချင်တယ်။ ဒီလိုဖြစ်သွားတယ်ဆိုတာကလည်း မတတ်သာလွန်းလို့သာ ဒီလိုမျိုးရှေ့ထွက်လာရတာပါ။ အမှန်အတိုင်းပြောရရင် ရှက်လည်းရှက်တယ်။ ညီမကိုယ်တိုင်ကလည်း အနေအေးတဲ့သူဆိုတော့ ပိုဆိုးတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြို လူတွေ့စစ်ဆေးမှုကို ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Than Sin Maung

သံစဉ်မောင်ဟာ ရည်းစားဟောင်းဖြစ်သူ နေဒွေးနဲ့ ၃ နှစ်အကြာ လက်တွဲလာခဲ့ကြတာဖြစ်ပါတယ်။ မူးယစ်သောက်စားပြီးတဲ့အချိန်တွေမှာလည်း ရိုက်နှက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ သံစဉ်မောင်က ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ အခုလို နှိပ်စက် ခံခဲ့ရတာတွေကို ကိုယ်ချင်းစာမိခဲ့ပြီလို့ သံစဉ်မောင်က ပြောပါတယ်။ 

“ လူဆိုတာက ကိုယ်ဖြစ်မှ ကိုယ်သိတာလေ။ ညီမကိုယ်တိုင်ကလည်း ဒီကိစ္စတွေ မကြုံဖူးတုန်းက သူများတွေ ပြောသလိုပဲ ကိုယ်လည်း လိုက်ပြီး ကဲ့ရဲ့မိတာတွေရှိတယ်။ ဒါပေမယ့် ကိုယ်တကယ် ခံစားရမှ သိတာ။ ဘယ်သူမှတော့ ဒီလိုမျိုး အဆိုးဆုံးအခြေအနေမျိုး မဖြစ်ခင်ဘူး။ ဖြစ်လာတဲ့အပေါ်မှာလည်း အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

လက်ရှိမှာတော့ သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးကို တာမွေတရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ နေဒွေးကလည်း မှန်မှန်ကန်ကန် တရားရင်ဆိုင်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က