သူ့ရင်ထဲက ခံစားချက်တွေ ရင်ဖွင့်လာပါတယ်။
Sabal Thwin

သူရိယကတော့ သူ့အတွက် ၂၀၁၉ ခုနှစ်က ဘယ်လို နှစ်ဖြစ်မလဲဆိုတာကို ရင်ဖွင့်ပြောပြလိုက်ပါပြီ။ သူ့ရဲ့ အနုပညာအလုပ်တွေကို ပိုကြိုးစားသွားမယ်လို့ဆိုပါတယ်။

Photo: Thu Ri Ya

သူရိယကတော့ နှစ်တိုင်း နှစ်တိုင်းက သူ့အတွက် အကောင်းဆုံး နှစ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လောကဓံတရားတွေကတော့ အမြဲရင်ဆိုင်နေရတာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီနှစ်ကတော့ ကြုံရင် ကြုံသလို နှစ်ပေါ့လေ။ လောကဓံ တရားဆိုတာ အမြဲတမ်း ကြုံတွေ့နေရတာပဲလေ။ အနည်းနဲ့ အများဆိုတာလောက်ပဲရှိတာ။ ဒီအပေါ်မှာ ကိုယ်က ခံနိုင်ရည်ရှိဖို့ပဲလိုတာလေ။ ဘယ်အရာမဆို ကောင်းတဲ့ နှစ်တွေပါပဲ။ကျွန်တော်ဖြတ်သန်းလာတဲ့ နှစ်တွေ အကုန်လုံးက ကောင်းတဲ့နှစ်တွေပါ။ ကျွန်တော့်စိတ်ကလည်း မကောင်းတာဖြစ်ရင်လည်း ဖြစ်မှာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Thu Ri Ya

သူဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက်မှာလည်း ခံစားချက်ကို ရှေ့တန်းမတင်ပဲ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

‘’ကျွန်တော်ကတော့ အနုပညာအလုပ်တွေကို ဒီ့ထက်ပိုလုပ်သွားမယ်။ ပိုကြိုးစားသွားမယ်။ ထွက်လာတဲ့အခါကျရင်တော့ ပရိသတ်ကို ပြောပြပါမယ်။ စိတ်ပူနေကြတဲ့ ပရိသတ်တွေလည်း ကျွန်တော်က အရာအားလုံး အေးဆေးပါပဲလို့ပြောချင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

photo: Forever

သရုပ်ဆောင်သူရိယဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စေ့စပ်ကြောင်းလမ်းခဲ့တဲ့ ချစ်သူနဲ့ အခုချိန်မှာတော့ လမ်းခွဲထားတယ်လို့ သိရပါတယ်။ ဒီလမ်းခွဲသတင်းကိုတော့ ၂၀၁၉ ခုနှစ်သြဂုတ်လ အတွင်းမှာပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူ သက်တမ်း ၂ နှစ်ကျော်အကြာ လက်တွဲလာခဲ့သူတွေ ဖြစ်ပြီး နှစ်ယောက်စလုံးကလည်း အနုပညာအလုပ်လုပ်နေကြသူတွေချည်းပါပဲ။ ဒီလမ်းခွဲသတင်းကြောင့်လည်း ဝေဖန်မှုတွေ အမြောက်အမြားထွက်ပေါ်လာခဲ့ပါသေးတယ်။

Photo: Thu Ri Ya

သူရိယကတော့ အနုပညာအလုပ်တွေကို ငယ်ငယ်လေးကတည်းက ကြိုးစားလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မိသားစု စီးပွားရေးတစ်ခုဖြစ်တဲ့ စိန်ဘယက်ဆေး ကြော်ငြာရင်းကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ နောက်ထပ်လည်း ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အခုချိန်ထိ အဆက်မပြတ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က