ဒီနေ့ဆိုရင် ခေါင်းညိမ့်၊ခေါင်းခါတောင် လုပ်နေနိုင်ပြီတဲ့။
Ei Ei Myat

ဦးနှောက်က အရက်အတော်ကြာ လုပ်မလုပ်ခဲ့ပေမယ့် အခုချိန်မှာ သတိပြန်လည်လာပြီဖြစ်တယ်လို့ သမီးဖြစ်သူ ဟေမာမန်းဝင်းက Duwun ကိုပြောပါတယ်။


Photo : မန်းဝင်း

 လူရွှင်တော် ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေက တစ်နေ့တခြား တိုးတက်လာပြီလို့ သိရပါတယ်။ ဆေးကုသမှု ခံယူရင်း ဦးနှောက်အလုပ်မလုပ်တော့တာကြောင့် နေအိမ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ရတဲ့ ဦးမန်းဝင်းဟာ အခုဆိုရင် မျက်လုံးပြန်လည်ပွင့်လာပြီး ဦးနှောက် ပြန်အလုပ်လုပ်လာတဲ့အခြေအနေကို ရောက်ရှိနေပြီလို့ သမီးဖြစ်သူ ဟေမာမန်းဝင်းက Duwun ကို ပြောပါတယ်။

“အဖေက စကားတော့ မပြောနိုင်သေးဘူး။ ဦးနှောက်က ပြန်အလုပ်လုပ်လာပြီလို့ပြောလို့ရမယ်။ ခေါင်းညိမ့်ခေါင်းခါလေးတွေ လုပ်နေပြီ။ လည်ပင်းဖောက်ထားတာတော့ စကားပြောလို့ မရသေးဘူး။ ဟိုတစ်ခေါက်က မျက်လုံးလေးက ဖွင့်ရုံပဲ ဖွင့်တာ ဒီတစ်ခေါက်ကကျတော့ မျက်လုံးလေးက ကြည့်ရတာ အမြင်ကြည်တယ်လို့ ထင်တယ်။ နာလားလို့ပြောတော့ ခေါင်းညိမ့်တယ် ‌။ လက်ကလေး လှုပ်တယ်။ တော်တော်လေး တိုးတက်လာတယ်လို့ ပြောရမှာ အမတို့က ပစ်ရပြီလို့ ထင်တာ အိမ်ပြန်ခေါ်လာတဲ့အချိန်မှာက နှလုံးလေးပဲ ခုန်တာလေ အခုကျတော့သတိရလာပြီ။အတိုင်းမသိ ဝမ်းသာရတယ်” လို့ သမီးဖြစ်သူက ဆိုပါတယ်။



Photo : မန်းဝင်း

ဦးမန်းဝင်း အခုလို ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာဟာ သူ့ကို ချစ်တဲ့ ပရိသတ်တွေ ပို့သတဲ့မေတ္တာတွေကြောင့်ဖြစ်မယ်လို့ ဟေမာမန်းဝင်းက ပြောပါတယ်။

“ဖေကြီးကို ချစ်တဲ့ပရိသတ်တွေရဲ့ စေတနာမေတ္တာတွေကြောင့်နဲ့ ဖေကြီးက ပြန်ပြီး ရှင်သန်နေတယ်လို့ ထင်ပါတယ်။ အထူးသဖြင့်ကတော့ အဖေရဲ့ ထမင်းရှင်ဟင်းရှင်တွေဖြစ်တဲ့ပရိသတ်တွေကြောင့် လို့တော့အမထင်ပါတယ်။ အကုန်လုံးကု ဝိုင်းပြီးဆုတောင်‌‌ပေးကြတော့ အဖေက ပြန်ပြီးတိုးတက်လာတယ်လို့ ထင်တယ်။ဒါပေမယ့်စောင့်ကြည့်ရဦးမှာပေ့ါနော်”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။


Photo : မန်းဝင်း

ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun ကို ပြောပြခဲ့ပါတယ်။ ဦးနှောက်သေသွားခဲ့ တာကြောင့် နှလုံးခုန်သံလေးကိုသာ စောင့်ကြည့်နေခဲ့ရတာဖြစ်ပြီး နှလုံးခုန်သံ ရပ်သွားပါက အသက်ပါ ဆုံးရှုံးသွားမှာဖြစ်တယ်လို့လည်း ဟေမာ မန်းဝင်းက ပြောပြခဲ့ပါတယ်။ 

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

 

 


Author


က္က