လက်ခံထားတဲ့ ဇာတ်ကား ၂ ကားစလုံးက တရုတ်မှာ ရိုက်ရမှာ။

သင်ဇာဝင့်ကျော်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့လက်ခံထားတဲ့ ဇာတ်ကားတွေက တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်ကားတွေ ဖြစ်နေပါတယ်တဲ့။ တရုတ်ပြည်မှာ သွားရိုက်ရမှာဖြစ်လို့ အရမ်း စိတ်ပူတယ်လို့ ဆိုပါတယ်။ 

သင်ဇာဝင့်ကျော်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် အလုပ်တွေ ခဏ နားခဲ့ရတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာတော့ အလုပ်တွေကို တစိုက်မတ်မတ် ပြန်လုပ်တော့မယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဒီရက်ပိုင်းမှာ သင်ဇာ ဆေးရုံတက်ခဲ့ရတယ်။ အရည်ကျိတ်တစ်ခု ခွဲတာပေါ့နော်။ အဲဒီအတွက်ကြောင့် ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားရိုက်တွေရော၊ နယ်သီချင်းဆိုတာတွေရော၊ ကြော်ငြာရိုက်တာတွေရော တောက်လျှောက်လုပ်သွားဖို့ ရှိပါတယ်။ တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ကလည်း မသေချာသေးဘူး။ အဆင်ပြေတယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သွားရိုက်ဖြစ်မှာပါ” လို့ သူကဆိုပါတယ်။ 

သင်ဇာဝင့်ကျော်ဟာ တရုတ်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါ တွေကြောင့်လည်း စိတ်ပူနေတယ်လို့ ဆိုပါတယ်။ သေသေချာချာလေ့လာနေတယ်လို့ ပရိသတ်တွေ စိတ်မပူအောင် သူမက အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ဟိုမှာ ဇာတ်ကားသွားရိုက်ရမှာဖြစ်တဲ့အတွက် စိတ်ပူမိတယ်၊ ဇာတ်ကားသွားရိုက်တုန်းကတော့ အဆင်ပြေပြီး ပြန်တဲ့အချိန် မြန်မာပြည်ထဲကို ဝင်ခွင့်မရတော့ဘူးဆိုရင် အလကားနေ သောင်တင်နေမှာလေ။ ဒါကြောင့် မသွားခင်မှာ သေသေချာချာလေး စူးစမ်းလေ့လာပြီးမှ သွားကြမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညက မြမြ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

သင်ဇာဝင့်ကျော်ဟာ ရုပ်ရှင်ရိုက်ဖို့ လက်ခံထားတဲ့ ဇာတ်ကားတွေက တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားတွေက ပိုများတယ်လို့ ဆိုပါတယ်။ 

“ လာကမ်းလှမ်းကြတဲ့ ဇာတ်ကားတွေကလည်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားတွေချည်းပဲ။ ရိုက်ရမယ့် ဇာတ်ကား ၂ကားစလုံးပေါ့နော်။ ဒါပေမယ့် အားလုံးသေချာသွားပြီ၊ ဇာတ်ညွှန်းလည်း ကိုယ့်လက်ထဲ ရောက်ပြီဆိုရင်တော့ အသေးစိတ် ပြောပြပေးပါ့မယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။  

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က