တကယ်ကို စွယ်စုံရ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

တွံတေးသိန်းတန် ရုပ်တုကို တွံတေးမြို့သူ၊ မြို့သားတွေနဲ့ တာဝန်ရှိသူတွေက ငွေကျပ် သိန်း ၁၀၀ ကျော်အကုန်ကျခံပြီး ဂုဏ်ပြုရုပ်တု တည်ထားတယ်လို့ သိရပါတယ်။ တွံတေးသိန်းတန်အကြောင်း တစေ့တစောင်းကို ဖော်ပြပေးလိုက်မယ်နော်။

နိုင်ငံကျော် တေးရေး၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ သဘင်၊ ဂန္တဝင်တေးသံရှင် တွွံတေးသိန်းတန် ရဲ့ ပုံတူ ရုပ်ထုဖွင့်ပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက တွံတေးမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုပ်တုအအတွက် ငွေကျပ် သိန်း၁၀၀ ကျော် အကုန်ကျခံထားရတာဖြစ်ပြီး တွံတေးမြို့သူ၊ မြို့သားတွေနဲ့ တာဝန်ရှိသူတွေက ကမကထ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ယနေ့(ဇန်နဝါရီလ ၁၁ရက်) နေ့မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူ အနုပညာရှင်ကြီးတွေကလည်း တက်ရောက်လာခဲ့ကြပါတယ်။ တွံတေးမြို့သူ၊ မြို့သား များစွာတို့ကလည်း လာရောက်ကြည့်ရှုခဲ့ကြတာတွေ့ရပါတယ်။



တွံတေးသိန်းတန်ကိုတော့ မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့က ၂၆ ရက်၊ ၉လ၊ ၁၉၄၁ ခုနှစ်က တွံတေးမြို့၊ ရှမ်းစုကြီး ကျေးရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၆ ယောက်ရှိတာဖြစ်ပြီး တွံတေးသိန်းတန်ကတော့ ၅ ယောက်မြောက် သားလေးပါ။ အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးလွန်းသူဖြစ်တာကြောင့် သူ့ရဲ့ ဆရာတွေဖြစ်တဲ့ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။

တွံတေးသိန်းတန်ကိုတော့ ၁၉၆၂ ခုနှစ်က မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့ ထွေးညို သီချင်းနဲ့ ပရိသတ်တော်တော်များများက သတိထားမိခဲ့ပါတယ်။ ဒီသီချင်းဟာ ယနေ့ခေတ် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားနေတုန်းပါပဲ။ သူဟာ ဓာတ်ပြားလောကမှာ “ပန်းနွယ်ကစိမ်း”၊ “နှမလက်လျှော့နေလေတော့”၊ ”မြသီတာ အကြိုတော်ထောက်ပေမယ့်”၊ “အသီးတစ်ရာ အညှာတစ်ခု”၊ “မေတ္တာမီးအိမ်”၊ “ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်” ၊ “ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်”၊ “မှုန်နံ့သာ ခြယ်ကာသပါလို့” စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သူဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော် တိတ်ခွေ ၂၉ ခွေ ထွက်ရှိခဲ့ပြီး သီချင်းပေါင်း ၃၅၀ ခန့်ကို ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ၁၉၆၄ ခုနှစ်က ဒါရိုက်တာ ဦးလှအောင်ရိုက်ကူးတဲ့ ထွေးညို ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးပေါင်းများစွာနဲ့ ဇာတ်ကားပေါင်း ၆၇ ကား ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးြ ခင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

တွံတေးသိန်းတန်ရဲ့ ဘဝဖြတ်သန်းမှုတွေမှာ မိသားစုဝင်တွေ အကြောင်းကလည်း မပါမဖြစ်ပါပဲ။ သူဟာ ပထမဇနီးဖြစ်သူ ဒေါ်စန်းမြင့်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးတွေဖြစ်တဲ့ စိုင်းမြတ်သူ၊ သီရိသိန်းတန်၊ဝင်းပပသိန်းတန်၊ ချယ်ရီသိန်းတန် စတဲ့ ၄ ဦးထွန်းကားခဲ့ပါတယ်။ ဒုတိယအိမ်ထောင်ဖက်အနေနဲ့ အဆိုတော် ချစ်စံပယ်နဲ့ လက်ထပ်ခဲ့ပြီး ရွှေရည်သိန်းတန် ဆိုတဲ့ တစ်ဦးတည်းသော သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေ အားလုံးကလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတုန်းပါပဲ။ တွံတေးသိန်းတန်ဟာ အနုပညာသက်တမ်း ၃၇ နှစ် ဖြတ်သန်းခဲ့သူတစ်ယောက်ပါ။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ သူ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က