ဇူလိုင်လ (၂၀)ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

Makeup Room Concert ဖျော်ဖြေပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေမှုတွေကိုလည်း ထွန်းအိန္ဒြာဗိုလ်က အခုလို ပြောပြလာပါတယ်။ 

Photo: Htun Eaindra Bo



နာမည်ကြီး အမျိုးသမီး အဆိုတော် နှစ်ယောက် ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော်တို့ အတူဖျော်ဖြေမယ့် အွန်လိုင်း ဂီတဖျော်ဖြေပွဲကြီးကို ဇူလိုင်လ(၂၀) ရက်နေ့မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ ဖျော်ဖြေပွဲနာမည်ကိုတော့ Make Up Room Concert လို့ပေးထားပြီး ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး အဆိုတော် ထွန်းအိန္ဒြာဗိုလ်က Duwun ကို ယခုလို ပြောပြခဲ့ပါတယ်။

“ လောလောဆယ် ကြိုတင်ပြင်ဆင်မှုတွေကတော့ သီချင်းတိုက်ရတယ်၊ အသံတွေ ပြန်စစ်ရတယ် ဒီလောက်ပါပဲ။ သီချင်းအပြောင်းအလဲလေးတွေ ဆိုရတော့ ပျော်စရာကောင်းတာပေါ့။ Show မှာတော့ သီချင်းတွေက နှစ်ယောက်ပေါင်း (၁၅) ပုဒ် သီဆိုသွားဖို့ စီစဉ်ထားပါတယ်။ သီချင်းပုံစံ လေး တွေလည်း ပြောင်းထားတယ် ဒါက အပြင်မှာ ဂစ်တာတီးပြီး သီချင်းဆိုရတဲ့ ပုံစံမျိုးလောက်ပါပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Htun Eaindra Bo

Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ MPT အပလီကေးရှင်းကနေ တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်းမှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးပဲ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

 “ များသောအားဖြင့်တော့ Concert တိုင်းက Page ပေါ်မှာ ဖျော်ဖြေကြတာ များတယ်။ အခုကျတော့ ပရိသတ်နဲ့ စင် အပေါ်အောက် ဘာညာက Social Distancing သဘော လုပ်လို့ မရဘူးဆိုတော့ စင်ပေါ်မတက်ခင် သီဆိုမယ့် အနုပညာရှင်တိုင်းက အရင်ဆုံး Make Up Room ထဲမှာ အဆင်သင့်လုပ်ထားရတယ်လေ။ အပေါ်မှာ တက်ခွင့်မရဘူးဆိုတော့ အနောက်မှာပဲ သီဆိုလိုက်တယ်ဆိုတဲ့ သဘောလေးပါ။ ပရိသတ်တွေ ကျေနပ်နိုင်မယ့် ပွဲတစ်ပွဲပါ။ ကျွန်မတို့တွေလည်း ယုံကြည်မှုရှိတယ်။ သီချင်းတွေလည်း စိတ်ကြိုက်ရွေးထားတာ ဖြစ်လို့ ပရိသတ်အကြိုက်ရော၊ ကိုယ့်အကြိုက်ရော ပါ ပါတယ်" လို့ ဆိုပါတယ်။

Photo: Htun Eaindra Bo

 ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော်တို့ အတွဲရဲ့ ဖျော်ဖြေမှုကတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမှာ အမှန်ပါပဲ။ ဒီShowကတော့သူတို့နှစ်ယောက်တည်း တွဲပြီးဖျော်ဖြေတဲ့ပထမဆုံး ပွဲတစ်ခုလည်းဖြစ်ပါတယ်။

အဆိုတော် တင်ဇာမော်ဟာ သူမ အကြိုက်ဆုံး အဆိုတော် ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရမှာဖြစ်လို့ အရမ်းကို ပျော်ရွှင်နေတယ်ဆိုတာကို အင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ ထွန်းအိန္ဒြာဗိုလ် ကိုယ်တိုင်ကလည်း တင်ဇာမော် ရဲ့ ဂီတအပေါ် ဝါသနာကြီးမားမှုတွေကို သဘောကျမိတယ်လို့ ဆိုလာပါတယ်။ “ တင်ဇာမော် နဲ့ နှစ်ယောက်တည်း Show ကတော့ ပထမဆုံးအကြိမ်ပါပဲ။ အခုဆို သူ့ကို အနီးကပ် လေ့လာခွင့်လည်း ရသလို သင်ယူစရာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကျွန်မက သူ့ကို အရင်ကတည်းက ကြိုက်တာ။ သူက သီချင်းရွေးတာလည်း ကောင်းတယ်။ အမူအရာတွေ ဆိုပုံ ဆိုနည်းတွေကလည်း အရမ်းကောင်းတယ်။ သူက သူလုပ်ရမယ့် အလုပ်ကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် လုပ်တဲ့သူပါ။ ဂီတကို ဝါသနာ တကယ်ကြီးတဲ့သူပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က " နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ 

အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၃ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမဟာတစ်ကိုယ်တော်အခွေတွေများစွာ ထွက်ရှိခဲ့ဖူးသူပါ။ ၂၀၀၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်သွားခဲ့တဲ့ သူမဟာ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။  အဲဒီကနေ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်ရင်း Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က