မိသားစုရဲ့ ခွင့်ပြုချက်လေးတော့ ယူသင့်ပါတယ်။

မိကွန်ထောဟာ ဖခင်ဖြစ်သူ ထူးအိမ်သင်ရဲ့ သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ ယူသုံးတာတွေအပေါ် သဘောမကျတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ အမှတ်တရတွေ အများကြီးရှိခဲ့ချင်တယ်လို့ ဆိုပါတယ်။

Photo: မိကွန်ထော

နာမည်ကျော်အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသော သမီးလေး မိကွန်ထောက လက်ရှိမှာ ပညာရေးကိုပဲ ဦးစားပေးနေတုန်းပါတဲ့။ အနုပညာအလုပ်လုပ်ဖို့အတွက်လည်း စိတ်ကူးမရှိသေးကြောင်း မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အနုပညာအလုပ်လုပ်ချင်တာမျိုးတော့ မရှိသေးပါဘူး။ အခုချိန်ထိ ကျောင်းလည်းတက်နေတုန်းပဲဆိုတော့လေ။ အခုကတော့ MBA တက်နေတာပါ။ ဘာလို့အနုပညာအလုပ်တွေ မလုပ်ချင်တာလဲဆိုတော့ အပြင်သွားရင် လွတ်လွတ်လပ်လပ် ပဲသွားချင်တယ်။ သူများတွေ သတိထားကြည့်ရင် နေရထိုင်ရတာ ကျဉ်းကျပ်တာမျိုးမကြိုက်လို့ပါ’’ လို့ သူကဆိုပါတယ်။

Photo: မိကွန်ထော

သူမဟာ ဖခင်ဖြစ်သူနဲ့ တူတဲ့ အကျင့်လေးတွေကိုလည်း သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါသေးတယ်။ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ယောက်ဖြစ်တယ်လို့လည်း မိကွန်ထောက ပြောပါတယ်။

‘’အဖေနဲ့တူတဲ့အချက်တွေကတော့ စိတ်မကျေနပ်ရင် မကျေနပ်ရင် ဘုကလန့်တိုက်တာ၊ သမီးက အဖေရဲ့သီချင်းတွေကိုကြိုက်တာ၊ အဖေ့ရဲ့သီချင်းတွေကို ယူသုံးပြီးတော့ ကိုယ်က မသိလိုက်တာမျိုးကြတော့ နည်းနည်းသဘောမကျဘူး။ သုံးချင်တယ်ဆိုရင်လည်း အသိပေးတာမျိုးဖြစ်ဖြစ် ခွင့်တောင်းတာမျိုးပဲဖြစ်ဖြစ် လုပ်စေချင်တာပါ။ အဲ့ဒီ့အခါ မိသားစုအနေနဲ့ ခွင့်ပြုသင့်တာမျိုးဆိုရင် ခွင့်ပြုမှာပေါ့နော်။ ကိုယ်မကြိုက်ဘူးဆိုရင်လည်း မကြိုက်ဘူးပြန်ပြောမှာပေါ့နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့က ဘန်နီဖြိုးရဲ့ Ban Ban Brand မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: မိကွန်ထော

သူမ ကလေးဘဝကတည်းက ဖခင်ဖြစ်တဲ့ ထူးအိမ်သင် ကွယ်လွန်ခဲ့တာကြောင့် အမှတ်တရတွေ သိပ်မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမရင်ထဲမှာတော့ အမေဆူတဲ့အချိန်တိုင်း အဖေ့ကို လွမ်းတယ်လို့ ပြောပါတယ်။

‘’ဖေဖေက သမီးတော်တော်ငယ်တဲ့အချိန်မှာ ဆုံးသွားတာဖြစ်လို့ အဖေနဲ့ Memories တွေအများကြီးလုပ်ချင်တယ်။ အမေဆူတဲ့အချိန်ဆို အဖေ ကို လွမ်းတယ်။ အဖေက အမြဲတမ်းကလေးကိုမဆူနဲ့ ဆိုပြီး အဖေက အမြဲအလိုလိုက်တယ်လေ။ အဲ့လိုမျိုးလေးတွေတော့ရှိတယ်။ ပြီးတော့ တစ်ခါတလေ သူများတွေ အဖေနဲ့ဓာတ်ပုံလေးတွေလုပ်တာလေ။ တစ်ခါ မမပန်းရောင်က သူငယ်ငယ်က ဦးဂရေဟမ်နဲ့လုပ်ထားတဲ့ပုံတွေကို အခုကြီးလာတဲ့အချိန်မှာ ဗီဒီယိုလေး့ပြန်လုပ်ထားတယ်။ အဲ့လိုလေးတွေတွေ့ရင်တော့ သမီးလည်းလုပ်ချင်တယ်’’ လို့ ဆိုပါတယ်။

Photo: မိကွန်ထော

မိကွန်ထောကိုတော့ ပရိသတ်တွေက အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ သမီးအဖြစ် စတင်သိရှိလာတာဖြစ်ပါတယ်။ ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ဆိုရင်တော့ ကွယ်လွန်တာ ၁၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ လက်ရှိ ဂီတရေစီးကြောင်းမှာလည်း သူ့ရဲ့ သီချင်းတွေက ရေပန်းစားနေတုန်းပါပဲ။ 

Share

Loading Next Article...
က္က