Sabal Thwin

နေရဲဟာ မကြာခင်ရုံတင်တော့မယ့် ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ကားကြီးကို မင်းသွေးနဲ့ အတူတူကြည့်ချင်ခဲ့တာလို့ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးနေတုန်းကလည်း မင်းသွေးက သူ့အပေါ် ညီအစ်ကိုအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာပါတဲ့။

Photo: Nay Ye

နေရဲကတော့ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ညီအစ်ကိုအရင်းပမာ လက်တွဲခဲ့တဲ့ မင်းသွေး နဲ့လည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က ကိုကြီးနဲ့ အလုပ်လုပ်ရတာ အရမ်းပျော်တယ်။ ကိုကြီးက အရမ်းလည်းဂရုစိုက်တယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေစပြီးတေ့ာ သရုပ်ဆောင်ကတည်းက ကျွန်တော့်ကို အသစ်တစ်ယောက်အနေနဲ့ သူ့ညီလေး တစ်ယောက်လို အမြဲတွဲခေါ်ပေးခဲ့တာ။ အခုချိန်ထိလည်း ကျွန်တော့်ရင်ထဲမှာ သူမရှိတော့တာ မဟုတ်ဘူး။ တစ်နေရာရာကို ခရီးသွားနေတာလို့ပဲ သတ်မှတ်ထားတယ်။ သူ့ကို ကျွန်တော်ရော၊ စည်ဖြိုးရောက ညီအစ်ကိုအရင်းလို သတ်မှတ်ထားတာ’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ညက ‘’နိုင်ငံကြီးသား’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

Photo: Nay Ye

နေရဲဟာ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့အခါမှာ မင်းသွေးနဲ့ အတူတူရုပ်ရှင်ကြည့်ချင်ခဲ့တယ်လို့ သူကဆိုပါတယ်။ ရုပ်ရှင်ကြည့်ရင်းနဲ့ အမှတ်တရတွေကိုလည်း ပြန်ပြောကြရင်းနဲ့ ပျော်ချင်ခဲ့တာလို့လည်း သူကပြောပါတယ်။

‘’ အဓိက ကတော့ ကိုကြီးကို ရှိစေချင်တယ်။ ဒီဇာတ်ကားကို အတူတူကြည့်ပြီးတော့ ဟာ .. ဟေ့ကောင် ဒီနေရာမှာတော့ ငါတို့ ဘာဖြစ်ခဲ့ကြတာ ဆိုပြီးတော့ ပြန်ပြောခဲ့ကြတာမျိုးတွေ ဖြစ်စေချင်တယ်။ သတ်ကွင်း တုန်းကလည်း အဲဒီလိုပဲ အမှတ်တရတွေ များခဲ့တာဆိုတော့ ပြန်ပြောစေချင်ကြတယ်။ ဒီအချိန်မှာတော့ သူ့ကို လွမ်းနေရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး’’ လို့ သူကဆိုပါတယ်။ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းသွေးရဲ့ ကာရိုက်တာက နေမင်းသူရိန်ဖြစ်ပါတယ်။ နေရဲ ရဲ့ ကာရိုက်တာကတော့ ထွဋ်မြတ်မင်းဆိုတဲ့ လူငယ်လေး တစ်ယောက်ဖြစ်ပါတယ်။

Photo: Nay Ye

နေရဲဟာ အခုဆိုရင် အသက် ၂၀ ကျော်အရွယ်သာဖြစ်ပါသေးတယ်။ သူဟာ ဖခင်လိုပဲ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့လူ ဖြစ်တာကြောင့် အဖေတူသားတစ်ယောက်ဖြစ်စေရမယ်လို့ ဆိုပါတယ်။

‘’ငယ်ငယ်လေးကတည်းက အဖေအိမ်မှာတစ်ယောက်ထဲအိပ်မပျော်လို့ဘီယာသောက်နေရင် ဘေးမှာအမြည်းစားရင်း အဖေ့ကိုအဖော်ပြုပြီး အဖေ့ရဲ့အတွေးခေါ်တွေ နားထောင်ရင်းနေလာခဲ့တာ ကျွန်တော်အခုဆို၂၅ပြည့်တော့မယ်။ အဖေ့စကားတွေ သားအမြဲနာခံ လိုက်နာပါတယ်။ အဖေတူသားဖြစ်စေရပါမယ်။ အဖေ့ဆုံးမစကား တွေကသားအတွက်တော့ အဖေပြောပြထားတဲ့ "မြတ်နိုးခြင်း တန်ဖိုးပါ"ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ဖူးပါတယ်။

Photo: Nay Ye

နေရဲကိုတော့ အခုဆိုရင် ခင်လှိုင်ရဲ့သားအဖြစ် ပရိသတ်တွေ စတင်သိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က